Popular Myanmar

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်

မန္တလေး၊ ဩဂုတ် – ၁၄

မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့် ဧည့်ခင်းဧည့်ခံမှု ပညာရပ်များနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ 2026 (မန္တလေး)” ကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲနှင့် ပြပွဲကို မန္တလေးမြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြပွဲတွင် ပြခန်းပေါင်း ၁၃၅ ခန်း ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထူးခြားသည့် ရိုးရာအစားအစာများကို အဓိကထား ပြသရောင်းချသွားမည်ဖြစ်သည့်အပြင် တရုတ်အစားအစာအချို့ကိုလည်း ထည့်သွင်းပြသရောင်းချသွားမည်ဖြစ်သည်။

အစားအစာပြိုင်ပွဲတွင် မန္တလေးမြို့ရှိ စားသောက်ဆိုင် ရှစ်ဆိုင်က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အစားအစာ၏ အရသာပိုင်းသာမက ဧည့်ခင်းဧည့်ခံမှု၊ ပန်းကန်ပြင်ဆင်မှုနှင့် အလှဆင်တင်ဆက်မှုတို့ကိုပါ အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲတော်ဒုတိယနေ့တွင် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ ဇုန်အသီးသီးမှ အဖွဲ့များက မိမိတို့ဒေသအလိုက် ရိုးရာအစားအစာများကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြသခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် လာရောက်လည်ပတ်သူများအနေဖြင့် ဒေသအစားအစာမျိုးစုံကို နမူနာမြည်းစမ်းနိုင်ရန်လည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar