မန္တလေး၊ ဩဂုတ် – ၁၄
တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။
အဆိုပါ အထူးရထားခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
နံနက်ပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ နံနက် ၇ နာရီ၌ ထွက်ခွာကာ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ်ကို တောင်ပြုံးဘူတာမှ နံနက် ၉ နာရီ၌ ထွက်ခွာပြီး သူရဲဈေးဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
မွန်းလွဲပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ မွန်းလွဲ ၁ နာရီခွဲ၌ ထွက်ခွာကာ တောင်ပြုံးဘူတာသို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အပြန်ခရီးစဉ်ကို တောင်ပြုံးဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်၌ ထွက်ခွာ၍ သူရဲဈေးဘူတာသို့ ညနေ ၅ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့် ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၌ ဩဂုတ် ၂၁ ရက်မှ ၂၈ ရက်အထိ ရှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။