
မုံရွာ-မန္တလေးပြေးဆွဲသည့် ခရီးသည်တင်ယာဉ်တစ်စီးအား PDF များက မိုင်းဆွဲတိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆရာတော်တစ်ပါးနှင့် လူနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်မောင်းဦးဇင်ကိုအောင်(ဘ)ဦးမှန်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာနေသူ မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်အား မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ်၊ ၄၂/၅ အရောက်၌ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားများဖြစ်သည့် ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင် (ဘ)ဦးသောင်းရွှေသည် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဘဒ္ဒန္တသီလာစာရနှင့် ရေစကြိုမြို့နယ်၊ ဒီပဆေးကျေးရွာနေ မမီမီသန့်(ဘ)ဦးဝင်းသန့်နှင့် ယာဉ်မောင်းဖြစ်သူတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်၌ မိုင်းစထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးအဖွဲ့များက မြင်းမူမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေပြီး လိုအပ်သောဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်စေလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။