
ဘေးတွဲမော်တော်ဆိုင်ကယ်များသည် safety device များ မပါရှိခြင်းကြောင့် လိုက်ပါစီးနင်းသူများအတွက် အသက်အန္တရာယ်ရှိသဖြင့် ယာယီလိုင်စင်ထုတ်ပေးရန်မရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။
ဘေးတွဲမော်တော်ဆိုင်ကယ်များသည် ၂၀၁၃ ခုနှစ်ခန့်က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့များ၊ ပင်လယ်ကမ်းခြေနေရာများတွင် ပစ္စည်းသယ်ယူခြင်းအတွက် စတင်အသုံးပြုခဲ့ပြီး နယ်မြေနီးစပ်မှုရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့များ၏ ဆင်ခြေဖုံးနေရာများသို့ ပြန့်နှံ့ ရောက်ရှိခဲ့ကြောင်း၊ ဘေးတွဲဆိုင်ကယ်များကို ဒေသန္တရအလုပ်ရုံ ဝပ်ရှော့အစီအစဉ်ဖြင့် စိတ်ကြိုက်ပြုလုပ်၍ လူစီးဆိုက်ကားနှင့် ကုန်တွင် တွန်းလှည်းနေရာများတွင် အစားထိုးပြောင်းလဲသုံးစွဲခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
ဘေးတွဲမော်တော်ဆိုင်ကယ်များသည် ဘေးတွဲ၏အလေးချိန် ပါဝင်သည့်အတွက်ကြောင့် ဝန်မပါဘဲနှင့် ဝန်ပါရှိချိန်တို့တွင် ယာဉ်၏ စုစုပေါင်းအလေးချိန် သက်ရောက်မှုကြောင့် မောင်းနှင်ချိန်တွင် ဟန်ချက်ညီမျှမှုမရှိဘဲ ဘေးတွဲပါရှိသည့်ဘက်သို့ ဆွဲပါသွားခြင်း၊ မော်တော်ဆိုင်ကယ်လက်ကိုင် လေးလံပြီး ထိန်းချုပ်ရခက်ခဲခြင်း၊ လမ်းအချိုးအကွေ့နေရာများတွင် ဘေးတွဲပါရှိသည့်အတွက် သာမန်မော်တော်ဆိုင်ကယ်ကဲ့သို့ အလွယ်တကူမချိုးကွေ့နိုင်ခြင်း၊ ကုန်းတက် ကုန်းဆင်း နေရာများတွင် ချောမွေ့စွာ မောင်းနှင်သွားလာရန် ခက်ခဲခြင်းနှင့် turning ability လျော့နည်းခြင်းများကြောင့် လမ်းကွေ့နေရာများ၌ တိမ်းမှောက်နိုင်ခြင်း၊ ရှေ့မီးကြီးတစ်လုံးသာ တပ်ဆင်ပါရှိသည့်အတွက်ကြောင့် ညအချိန်တွင် သာမန်ဆိုင်ကယ်များနှင့် မှားယွင်းတိုင်းရှောင်မှုများဖြစ်ပွားကာ ယာဉ်တိုက်မှုဖြစ်ပွားနိုင်ခြေပိုများခြင်း၊ ဘရိတ်အသုံးပြုရာတွင် ဘေးတွဲဆိုင်ကယ်ဖြစ်သည့်အတွက် သာမန်ဆိုင်ကယ်ထက် တည်ငြိမ်မှုနည်းပြီး လမ်းချော်မှု ပိုမိုဖြစ်ပွားနိုင်ခြင်း၊ ဘေးတွဲဘရိတ်မပါရှိသဖြင့် ဘရိတ် balance မဖြစ်ခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အခြားသော ပစ္စည်းများ safety device များ မပါရှိခြင်းတို့ကြောင့် လိုက်ပါစီးနင်းသူများအတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
"သို့ဖြစ်ပါ၍ အများပြည်သူဆိုင်ရာ လမ်းများပေါ်မှာ မောင်းနှင် အသုံးပြုနေသည့် တရားမဝင် ဘေးတွဲ မော်တော်ဆိုင်ကယ်သည် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စမ်းသပ် ထုတ်လုပ်ထားသည့် စက်ရုံထုတ် ယာဉ်မဟုတ်ဘဲ ဒေသန္တရအလုပ်ရုံဝပ်ရှော့များမှာ မိမိ သဘောဆန္ဒအလျောက် ပြုပြင်ထားခြင်းများ ဖြစ်သောကြောင့် Road Safety အရ မောင်းနှင်သူ အပါအဝင် လိုက်ပါ စီးနင်းသူ ခရီးသွား ပြည်သူများ၊ အများပြည်သူဆိုင်ရာ လမ်းများပေါ်မှာ အသုံးပြုနေသော လမ်းအသုံးပြုသူများအား အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများအရ တရားမဝင် ဘေးတွဲများ အသုံးပြုခြင်းအား ခွင့်ပြု၍ မရပါကြောင်းနှင့် ခေတ္တမောင်းနှင့်ခွင့် ယာယီလိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း"ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုးက သုံးဘီးမော်တော်ဆိုင်ကယ်များအား ဘေးတွဲပိုင်ရှင် တဝက်၊ အစိုးရ တဝက် မျှခံစနစ်ဖြင့် တင်သွင်းခွင့်ပြုရေးကိုလည်း ယခုအစည်းအဝေးတွင် မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းအပေါ် ဘေးတွဲမော်တော်ဆိုင်ကယ်များအစား သုံးဘီးယာဉ်ငယ်များ အစားထိုးခွင့်ပြုပေးခြင်းနှင့်ပတ်သက်၍ သုံးဘီးမော်တော်ဆိုင်ကယ်များ တင်သွင်းခွင့်ပြုရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခန့်မှန်းဈေးနှုန်းအရ လောင်စာစွမ်းအင်သုံး သုံးဘီးမော်တော်ဆိုင်ကယ်များသည် အနိမ့်ဆုံး ကျပ်သိန်း ၁၅၀ အမြင့်ဆုံး ကျပ်သိန်း ၂၅၀ အတွင်း၊ လျှပ်စစ်စွမ်းအင်သုံး သုံးဘီးမော်တော်ဆိုင်ကယ်များသည် အနိမ့်ဆုံး ကျပ်သိန်း ၇၀ မှ အမြင့်ဆုံး ကျပ်သိန်း ၁၃၀ အတွင်းရှိကြောင်း၊ ထို့ကြောင့် ဘေးတွဲပုဂ္ဂိုလ်က တဝက်၊ နိုင်ငံတော်က တဝက် မျှခံစနစ်ဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးမည်ဆိုပါက အမှန်တကယ် ပြေးဆွဲသုံးစွဲနေခြင်းမဟုတ်ဘဲ ဘေးတွဲဆိုင်ကယ်များ ပိုမိုတပ်ဆင်အသုံးပြုသူများ များပြားလာပြီး အမြတ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချနိုင်ခြင်းကြောင့် တရားမဝင် ဘေးတွဲ ဆိုင်ကယ်များကို အားပေးရာရောက်ပြီး ဘေးတွဲယာဉ်အသုံးပြုမှုထိန်းချုပ်ရေး လုပ်ငန်းစဉ်များကိုလည်း အဟန့်အတားဖြစ်စေမည်သာဖြစ်ကြောင်း၊ သို့ဖြစ်၍ ဘေးတွဲပုဂ္ဂိုလ်က တဝက်၊ နိုင်ငံတော်က တဝက် မျှခံစနစ်ဖြင့် ဆောင်ရွက်ရန်အစီအစဉ်မရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် SKD၊ EV စသည့် တရားဝင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျစိစစ်ရေးကိုသာ လုပ်ငန်းဆိုင်ရာမူဝါဒနှင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။