Eleven Media Group

■ အိန္ဒိယသံရုံးမှ ဦးစီးပြီး"နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိပ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ

အိန္ဒိယသံရုံးမှ ဦးစီးပြီးနယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိပ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

၁၉၄၇ ခုနှစ်၊ အိန္ဒိယနိုင်ငံ နယ်မြေပိုင်းခြားစဉ်ကာလအတွင်း ခံစားခဲ့ကြရသည့် သန်းပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအား လေးနက်စွာ ဂုဏ်ပြုသောအားဖြင့် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိပ်လန့်မှုများအားအောက်မေ့ဖွယ်နေ့ကို ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

"ယနေ့တွင်၊ လူသားသမိုင်းတွင် အကြီးမားဆုံးနှင့် အထိခိုက်ရဆုံးသော ဇာတိရပ်ရွာစွန့်ခွာ ပြောင်းရွှေ့ရမှုကြီးကြောင့် ဘဝများ ရစရာမရှိအောင် ပျက်စီးခဲ့ရသည့် သန်းပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များကို ယနေ့တွင် ကျွန်ုပ်တို့အနေဖြင့် အလှိုက်လှဲဆုံး ဂါရဝပြုအပ်ပါသည်။ ဟိန္ဒူ၊ ဆစ်ခ် နှင့် မွတ်စလင် ၁၅ သန်းခန့်သည် နယ်စပ်၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ ပြောင်းရွှေ့ခဲ့ကြရပြီး လူပေါင်း သိန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ကျွန်တော်တို့၏ အိန္ဒိယတိုက်ငယ် သမိုင်းကြောင်း၏ ဤဝမ်းနည်းဖွယ်ရာ အခန်းကဏ္ဍတွင် အသက်ဇီဝိန် ကြွေလွင့်ခဲ့ရသူများ၊ ဘိုးဘွားပိုင်အိမ်များနှင့် ဝမ်းစာရှာဖွေရေးလုပ်ငန်းများကို ညတွင်းချင်း စွန့်ခွာခဲ့ကြရသူများ၊ မကွဲကွာသင့်ဘဲ ကွဲကွာခဲ့ကြရသည့် မိသားစုများ၊ နှင့် ဖော်ပြနိုင်စွမ်းမရှိသော ခက်ခဲပင်ပန်းမှုများကို ကြံ့ကြံ့ခံခဲ့ကြရသည့် ရေတွက်၍မရနိုင်သော ပုဂ္ဂိုလ်များအားလုံးကို ကျွန်ုပ်တို့ ဂုဏ်ပြုအောက်မေ့ကြပါသည်"ဟု အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘေးသာကူးရ် (Shri Abhay Thakur)က ပြောကြားသည်။

ဆက်လက်ပြီး၎င်းက "အိန္ဒိယအစိုးရမှ ၂၀၂၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သော "နယ်မြေပိုင်းခြားမှုအတွက်ဝမ်းနည်းထိပ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" သည် ဒုက္ခသည်များနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် အမျိုးသားအဆင့် ဂါရဝပြုမှုတစ်ခု ဖြစ်ရုံမျှမက၊ လူမျိုးရေး/ဘာသာရေး မုန်းတီးမှုများ၊ အလျော့မပေးသော ဂိုဏ်းဂဏဝါဒီ တောင်းဆိုမှုများနှင့် လူ့အဖွဲ့အစည်း စိတ္တဇပြိုကွဲမှုများ၏ ဖျက်ဆီးတတ်သော အကျိုးဆက်များကို ထာဝရသတိပေးချက်တစ်ခုအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ နယ်မြေပိုင်းခြားမှုသည် တောင်အာရှ၏ ပထဝီဝင်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင် နက်ရှိုင်းပြီး ထာဝရကျန်ရစ်မည့် ဒဏ်ရာဒဏ်ချက်များကို ချန်ထားခဲ့ကာ အဆိုပါ ဒဏ်ရာများသည် မျိုးဆက်များစွာတိုင်အောင် ဆက်လက်နာကျင်နေရဆဲ ဖြစ်ပါသည်"ဟု ပြောကြားသည်။

ယင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိန္ဒိယစင်တာ၌ မှတ်တမ်းဓာတ်ပုံနှင့် စာရွက်စာတမ်းဆိုင်ရာ ပြပွဲတစ်ခုကိုလည်း စီစဉ်ကျင်းပခဲ့ပြီး ထိုပြပွဲတွင် လူသားတို့၏ အိုးအိမ်စွန့်ခွာရမှု ပမာဏ၊ ဝမ်းနည်းဖွယ် ဆုံးရှုံးမှုများနှင့် နယ်မြေပိုင်းခြားပြီးနောက် အမျိုးသားပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများကို သရုပ်ဖော်ထားသည့် ရှားပါးသမိုင်းဝင် ဓာတ်ပုံများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်တမ်းများနှင့် ခေတ်ပြိုင်သတင်း မှတ်တမ်းများကို ပြသခဲ့သည်။

မူရင်းသတင်း — Eleven Media Group