Eleven Media Group

■ လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံများသို့ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် ရောက်ရှိနေသူများကို မြန်မာနိုင်ငံမှ ဟု စွပ်စွဲဖော်ပြနေခြင်းများအား ပြတ်သားစွာ ကန့်ကွက်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန ထုတ်ပြန်

■ လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံများသို့ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် ရောက်ရှိနေသူများကို မြန်မာနိုင်ငံမှ ဟု စွပ်စွဲဖော်ပြနေခြင်းများအား ပြတ်သားစွာ ကန့်ကွက်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန ထုတ်ပြန်

■ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက ပြန်လည်လက်ခံမည်ဟုဆို

လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံများသို့ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် ရောက်ရှိနေသူများကို မြန်မာနိုင်ငံမှ ဟု စွပ်စွဲဖော်ပြနေခြင်းများအား ပြတ်သားစွာ ကန့်ကွက်​ကြောင်းနှင့် ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက ပြန်လည်လက်ခံမည်ဖြစ်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ယ​နေ့(သြဂုတ် ၁၅ ရက်)တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ထိုသို့ထည့်သွင်း​ဖော်ပြထားခြင်းဖြစ်သည်။

​ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ စခန်းများတွင် နေထိုင်လျက်ရှိသူများနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ပုံဖော်ရေးသားလျက် ရှိကြပါသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ် အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားပြောဆိုနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရ​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ကို ရှင်းလင်းဖော်ပြလိုပါသည်မှာ ​ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်သည့် အဖြစ်မှန်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ၂၀၁၇ ခုနှစ် ဩဂုတ်တွင် အာဆာ အကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်နက်တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရ​ကြောင်း၊ အာဆာ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးကြရပြီး ဘင်္ဂါလီအမြောက်အမြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီးနေရပ်စွန့်ခွာသွားခဲ့ခြင်း ဖြစ်​သည်ဟု နိုင်ငံခြား​ရေးဝန်ကြီးဌာနကဆိုသည်။

​ထို့ပြင် မှတ်တမ်းများအရ အာဆာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မတိုင်မီ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ ဘင်္ဂါလီလူဦးရေမှာ ၇၄၀,၀၀၀ ကျော်ရှိခဲ့ပြီး၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူဦးရေ ၂၀၀,၀၀၀ ကျော် ကျန်ရှိနေထိုင်လျက်ရှိသဖြင့်၊ ဘင်္ဂါလီလူဦးရေ ၅၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်တွေ့ရှိရ​ကြောင်း၊ ယင်းစိစစ်ချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ (၁) သန်းကျော်ရှိသည်ဟု ပြောကြားနေမှုများမှာ မှားယွင်းကြောင်း ထင်ရှား​ကြောင်း၊ မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်လအတွင်း၌ နှစ်နိုင်ငံသဘောတူစာချုပ် (၃) ခု ချုပ်ဆိုခဲ့ပြီး၊ ယင်းစာချုပ်များနှင့်အညီ လက်ခံရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တစ်ကြိမ်၊ ပူးတွဲလုပ်ငန်းအဖွဲ့ သဘောတူညီချက်အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် တစ်ကြိမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၏ အကြောင်းကြားချက်အရ ၂၀၁၉ ခုနှစ် သြဂုတ် ၂၂ ရက်တွင် တစ်ကြိမ် စုစုပေါင်း (၃) ကြိမ် စီစဉ်စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်ခဲ့ခြင်း မရှိခဲ့​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

​ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ နေရပ်စွန့်ခွာသူများ စာရင်းအဖြစ် လူဦးရေအမည်စာရင်း ၈၂၈,၈၂၄ ဦး ပေးပို့ခဲ့ရာ၊ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ အမည်စာရင်း ၄၂၆,၅၄၅ ဦးအား စိစစ်ခဲ့ပြီးဖြစ်ကာ စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၃၀၈,၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄,၂၄၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြောင်းအထောက်အထား မတွေ့ရှိရသူ ၁၁၃,၅၀၇ ဦး စိစစ်တွေ့ရှိရ​ကြောင်းနှင့် သို့ဖြစ်၍ ယင်းကိန်းဂဏန်းများအရ ဘင်္ဂလားဒေ့ရှ် စခန်းများတွင် နေထိုင်သူအားလုံးအား မြန်မာနိုင်ငံမှ လာရောက်သူဟု စွပ်စွဲပြောဆိုချက်များအပေါ် စိုးရိမ်မကင်း ဖြစ်မိ​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

အလားတူပင် လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံများသို့ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် ရောက်ရှိနေသူများကို မြန်မာနိုင်ငံမှ ဟု စွပ်စွဲဖော်ပြနေခြင်းများအား ပြတ်သားစွာ ကန့်ကွက်​ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၈၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်များက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထား စစ်ဆေးစိစစ်သည့် လုပ်ငန်းစဉ်များကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာခဲ့သူ ဘင်္ဂါလီများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် အောင်မြင်စွာ ပြန်လည်လက်ခံနိုင်ခဲ့​ကြောင်း၊ နေရပ်စွန့်ခွာသူများကို ၁၉၇၈-၁၉၇၉ ခုနှစ်များအတွင်း ၁၈၆,၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ ခုနှစ်များအတွင်း ၂၃၆,၄၉၅ ဦး ပြန်လည်လက်ခံခဲ့​ကြောင်း၊

​မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အမှန်တစ်ကယ် နေထိုင်ခဲ့သူများကို ပြန်လည် လက်ခံနိုင်ရန် စိတ်ဆန္ဒမှန်ဖြင့် ကြိုးပမ်းခဲ့ရာ၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် လက်ခံနိုင်ရေး ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့် Come-and-See ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် Go-and-Talk ခရီးစဉ် (၂) ကြိမ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် မျက်မြင်စစ်ဆေးခြင်း ခရီးစဉ် (၂) ကြိမ်၊ Pilot Project အတွက် ပြင်ဆင်ထားမှုကို သံတမန်များအား ပြသသည့် ခရီးစဉ် (၂) ကြိမ် ဆောင်ရွက်ခဲ့​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်အရ သိရသည်။

​ထို့အတူ မြန်မာအစိုးရက စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း စိတ်ဓာတ်အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်​ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး၊ နိုင်ငံတကာပြဿနာအဖြစ် လွဲမှားစွာ ပုံဖော်နေမှုအပေါ် စိတ်မသက်မသာ ဖြစ်ရ​ကြောင်းနှင့်

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့်လည်း အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်​ကြောင်း၊ ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group