
ရန်ကုန်မှ မွန်ပြည်နယ် ရေးမြို့သို့ ပြန်လာသည့် အမျိုးသားတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုး တွေ့ရှိခဲ့သည့် အမျိုးသားမှာ ရေးမြို့ သီရိခေမာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် ဦးချစ်ကိုကို ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဩဂုတ် ၁၄ ရက် ညပိုင်းက မကြာခဏဝမ်းသွားနေသဖြင့် ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ပြီး တာဝန်ကျဆရာဝန်မှ စမ်းသပ်စစ်ဆေးခဲ့ရာ Cholera test kit positive (ပြင်းထန်ဝမ်းပျက်ဝမ်းလျော) ဖြစ်ပွားနေကြောင်း စမ်းသပ်တွေ့ရှိသဖြင့် ဆေးကုသမှုခံယူနေရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး "ဦးချစ်ကိုကိုက သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ တည်းခိုနေထိုင်ခဲ့ပြီးတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ မိတ်ဆွေနှစ်ဦးနဲ့အတူ ရေးမြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။
ဆေးကုသမှုခံယူနေရသည့် ဦးချစ်ကိုကိုမှာ ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် ၎င်း၏ မိတ်ဆွေနှစ်ဦးကိုလည်း Quarantine ထားရှိကာ စောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် ပြင်းထန်ဝမ်းပျက်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးချစ်ကိုကို၏ နေအိမ်နှင့် ပတ်ဝန်းကျင်အား မြို့နယ်ကျန်းမာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့ခံလူမှုကူညီကယ်ဆယ်ရေးတို့မှ ကလိုရင်းဆေးဖျန်းခြင်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်ကလည်း ရန်ကုန်မြို့မှ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့သို့ ပြန်လာသည့် ကျိုက္ခမီမြို့ ရန်အောင်မြင်ရပ်ကွက် ရွှေကျင်ကျောင်းလမ်းနေ အသက် ၅၉ နှစ်အရွယ် ဒေါ်ဌေးမွန် ဆိုသူတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုး တွေ့ရှိခဲ့ရသည့်အတွက် ၎င်းအား ကျိုက္ခမီပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းနှင့် ၎င်းနှင့်ထိတွေခဲ့သည့် မိသားစုဝင်ကိုးဦးကိုလည်း Quarantine ထားရှိကာ စောင့်ကြည့်ထားကြောင်း သိရသည်။
Photo Credit - အောင်မင်္ဂလာနာရေးကူညီမှု နှင့် လူမှုကယ်ဆယ်ရေးအသင်း