Eleven Media Group

■ တောင်ငူမြို့တွင် စားသုံးဆီ တန်းစီဝယ်ယူကြသူ များပြားနေပြီး စားသုံးဆီတစ်ပိဿာ ပြင်ပပေါက်ဈေး ကျပ် ၁၈၀၀၀ ဝန်းကျင်ရှိနေ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စားသုံးဆီရှားပါးမှုကြောင့် တန်းစီဝယ်ယူကြသူ များပြားနေပြီး စားသုံးဆီ တစ်ပိဿာ ပြင်ပပေါက်ဈေး ကျပ် ၁၈၀၀၀ ဝန်းကျင်ရှိနေကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။

စားသုံးဆီ တန်းစီဝယ်ယူရသည့်အခြေအနေနှင့်ပတ်သက်ပြီး “အပြင်မှာဝယ်ရင် ဆီတစ်ပိဿာကို ကျပ် ၁၈၀၀၀ ဝန်းကျင်ပေးဝယ်ရတယ်။ ရပ်ကွက်တွေမှာ ဆီကုန်သည်အဖွဲ့တွေဆိုလား အစိုးရအဖွဲ့ဆိုလား သူတို့ လာရောင်းပေးတဲ့ဆီက ဝယ်ရင်တော့ ဆီတစ်ပိဿာ ၈၀၀၀ ကျော် ပဲပေးရပါတယ်။ အပြင်ပေါက်ဈေးက အစိုးရဈေးထက် နှစ်ဆလောက်ဖြစ်နေတာပေါ့။ ဆီကုန်သည်အဖွဲ့က ရောင်းပေးတာလည်း လောက်လောက်ငှငှရောင်းပေးတာ မဟုတ်ဘူးလေ။ ကျွန်မတို့ရပ်ကွက်မှာတော့ အိမ်ထောင်စု တစ်စုအတွက် တစ်လမှ တစ်ပိဿာ၊ တစ်ခါတစ်လေ ၅၀ သားလောက်ပဲ ရောင်းပေးတာပါ။ ဆီတစ်ပိဿာတည်းနဲ့ မိသားစု တစ်လစာ မလုံလောက်ဘူးလေ။ သူတို့ရောင်းပေးတဲ့ဆီကုန်ရင် အပြင်ကဆီဈေးနဲ့ ဝယ်စားရတာပါပဲ။ အပြင်ပေါက်ဈေးနဲ့တောင် တစ်ခါတစ်လေ ဝယ်လို့မရတာတွေလည်းရှိပါတယ်။ အစိုးရက သတ်မှတ်တဲ့ဈေးနဲ့ ဆီရောင်းတော့မယ်ဆိုရင် ရောင်းပေးမယ့်နေ့ကို ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက လာပြောပေးတယ်။ အဲ့တော့မှ သွားထုတ်ရတာ။ သွားထုတ်ရင်လည်း တန်းစီတဲ့လူတွေကများလို့ နေ့တစ်ဝက်လောက်က အချိန်ကုန်ပါတယ်”ဟု တောင်ငူမြို့ အမှတ် ၂၀ ရပ်ကွက်နေသူ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့တွင် အစိုးရသတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်း စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဝန်းကျင်ဖြင့် ရပ်ကွက်များ၊ စက်ရုံ/အလုပ်ရုံများ၊ လူစည်ကားရာ ရပ်ကွက်ဈေးများတွင် တစ်လ တစ်ကြိမ်ခန့်သာ ရောင်းချပေးလျက်ရှိသဖြင့် အိမ်ထောင်စုများအတွက် သုံးစွဲရန် လောက်ငှဖူလုံမှုမရှိပဲ လိုအပ်ချိန်တွင် စားသုံးဆီ ပြင်ပပေါက်ဈေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀ ဝန်ကျင်ခန့်ဖြင့် ဝယ်ယူနေရကြောင်း၊ ပြင်ပပေါက်ဈေးအတိုင်း ဝယ်ယူသော်လည်း စားသုံးဆီများ လိုသလောက်ဝယ်ယူ၍ မရနိုင်ဘဲ စားသုံးဆီရှားပါးနေကြောင်းလည်း သိရသည်။

ထို့အပြင် တောင်ငူမြို့တွင် ပြင်ပပေါက်ဈေး CP ကြက်သား တစ်ပိဿာ ကျပ် ၃၀၀၀၀ ဝန်းကျင်၊ ကြက်ဥတစ်လုံး ကျပ် ၇၀၀ ဝန်းကျင်အထိရှိနေပြီး ဈေးနှုန်းကြီးမြင့်နေကြောင်းလည်း သိရသည်။

ထိုသို့ဈေးနှုန်းကြီးမြင့်နေသဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသကြက်နှင့် CP ကြက်သားများကို ကြားခံပွဲစားအဆင့်ဆင့် လျှော့ချကာ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မွေးမြူရေးလုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူ ဖြန့်ဖြူးပေးခြင်းများကို ခရိုင်/မြို့နယ်ဈေးများတွင် သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လတ်တလောတွင် ပဲခူးတိုင်းဒေသကြီးအတွင်း၌ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် CP ကြက်သားသက်သာ တစ်ပိဿာလျှင် အသားဈေး ကျပ် ၂၀၀၀၀ ဝန်းကျင်၊ အရိုးဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ ဝန်းကျင်၊ အကောင်လိုက် တစ်ပိဿာ ကျပ် ၁၈၀၀၀ ဝန်းကျင်နှင့် ကြက်ဥတစ်လုံးဈေး ကျပ် ၅၀၀ ဝန်းကျင်နှင့် စားသုံးဆီ တစ်ပိဿာ ကျပ် ၈၁၀၀ တို့ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group