မန္တလေး၊ဩဂုတ်-၁၅
မန္တလေး-မိုးကုတ်နှင့် မန္တလေး-မုံရွာ အဝေးပြေးကားလမ်းမကြီးများပေါ်ရှိ အချို့နေရာများတွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် အဆိုပါ အဝေးပြေး လမ်းပိုင်းများပေါ်သို့ ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်လိုင်းများအနေဖြင့် သတိပြုမောင်းနှင်နေရကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။
“ကုန်ကားကြီးတွေတောင် ရေစီးအရမ်းကြမ်းတဲ့အချိန်ဆို မသွားရဲတော့ဘူး။ အရင်ရက်တွေကဆို ညအိပ်စောင့်ရတာ။ ခရီးသည်တင်ကားလေးတွေကတော့ ဖြတ်လို့ကိုမရလို့ ဟိုဘက်ဒီဘက် ကားချင်းချိန်းပြီး သွားနေရတာ။ အချိန်ကုန်၊ ငွေကုန်နဲ့ဆိုတော့ အတော်လေး အခက်အခဲဖြစ်တာပေါ့” ဟု မန္တလေးမြို့ခံ ခရီးသည်တင် အဝေးပြေးယာဉ်မောင်းတစ်ဦးက Popular News သို့ ပြောသည်။
လက်ရှိတွင် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာအနီးနှင့် မန္တလေး-မုံရွာလမ်းပေါ်ရှိ မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာအနီး လမ်းပိုင်းများ၌ ရေကြီးရေလျှံမှုများ သိသိသာသာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါ လမ်းမကြီးများပေါ်တွင် ရေဖုံးလွှမ်းကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သဖြင့် ကုန်စည်စီးဆင်းမှုများ ကြန့်ကြာနှောင့်နှေးမှုရှိလာသည့်အပြင် ကုန်စည်ပျက်စီးဆုံးရှုံးမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။
photo:MFSD