
ကျိုင်းတုံ၊ ဩဂုတ် ၁၅
တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ တိုးချဲ့ဖွင့်လှစ်ရန် နိုင်ငံတော်က “မူ” အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ယမန်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကို မထိခိုက်စေရန် အထူးသတိပြုကြရန်၊ စည်းမျဉ်းများသတ်မှတ်ထားကြရန်၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် မှာကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဂုံရှမ်း၊ ရှမ်းကြီး၊ တိုင်းနေ၊ တိုင်းလိ၊ လွယ်၊ ပလောင်၊ ‘ဝ’၊ လီဆူ၊ အားခေ၊ အာခါ၊ အဲန်၊ ဗမာနှင့် လားဟူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းရင်းသားဒေသများတွင် ရိုးရာပွဲတော်များကျင်းပရာ၌ ထောက်ပံ့ငွေများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသား လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်အတွက် ယဉ်ကျေးမှုဖလှယ်နိုင် မည့်အစီအစဉ်များ စီစဉ်ပေးရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖော်ပြထားမှုများကို ပြင်ဆင်ပေးနိုင်ရေး၊ ဝေးလံခေါင်သီသည့် ကျေးရွာများတွင် လမ်း၊ တံတားများ ဖောက်လုပ်ပေးရေးနှင့် ပြင်ဆင်ပေးရေးတို့နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#News #Myanmar