



နေပြည်တော်၊ ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုဖြစ်ပွားခဲ့ရာ ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၄ ရွာ၊ ဟင်္သာတမြို့နယ် ၃၇ ရွာ၊ ရေကြည်မြို့ပေါ် ရပ်ကွက်လေးခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ငါးသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် နှစ်ခု၊ ကျုံပျော်မြို့မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ပတ်ဝန်းကျင် ကျေးရွာကိုးရွာ၊ ကျောင်းကုန်းမြို့ မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ကျေးရွာနှစ်ရွာ စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာ ၁၉၉ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငဝန်ပန်းတာမှ ရေဝင်လမ်းထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာ ရေဝင်လမ်းအား (Geobags) အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar