နေပြည်တော်၊ ဩဂုတ် ၁၅
မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ခရီးသွားလာမှု တိုးမြှင့်ရေးနှင့် မင့်စ်-ရန်ကုန် တို-က်ရို-က်လေကြောင်းခရီးစဉ် စတင်ပျံသန်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ် ၁၄ ရက်က တွေ့ဆုံစဉ် ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ၏ သဘာဝအလှအပများနှင့် ကမ်းခြေဒေသများကို ဘယ်လာရုစ်ပြည်သူများ ပိုမိုသိရှိနိုင်ရေးအတွက် ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုဖြန့်ဝေပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်များ ရရှိထားပြီးဖြစ်သဖြင့် မင့်စ်-ရန်ကုန် တို-က်ရို-က်လေကြောင်းခရီးစဉ် စတင်နိုင်ပါက ဘယ်လာရုစ်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း ခရီးစဉ်များ ပိုမိုထိရောက်စွာ စီစဉ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
မြန်မာဘက်ကလည်း ကမ်းခြေခရီးစဉ်များအပြင် တောင်တက်ခရီးစဉ်၊ စွန့်စားခရီးသွားလုပ်ငန်းများနှင့် အင်းလေးဒေသကဲ့သို့ ထူးခြားသည့် ခရီးသွားနေရာများရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံ၏ ခရီးသွားနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ ရုပ်သံ၊ ဓာတ်ပုံနှင့် သတင်းအချက်အလက်များကို ဘယ်လာရုစ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ဖြန့်ဝေကာ ဘယ်လာရုစ် ခရီးသွားလုပ်ငန်းရှင်များနှင့် ပြည်သူများထံ ပိုမိုရောက်ရှိစေရေး ဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့သည် ရုံးအမှတ် (၃၅) လေ့ကျင့်ရေးကဇာတ်ရုံ၌ အနုပညာဦးစီးဌာနက ကပြဖျော်ဖြေသည့် “မေတ္တာ ရွှေစောင်း ဓမ္မရသ ဇာတ်တော်ကြီး” ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။