Popular Myanmar

ရန်ကုန်အဝေးသင်တက္ကသိုလ်၌ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်အကြိုပြင်ဆင်နိုင်မယ့် ဆွေးနွေးပွဲ ပြုလုပ်

ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပညာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကာ Job-Ready Skills Workshop for Youth ခေါင်းစဉ်ဖြင့် နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်မဝင်မှီကြိုတင်ပြင်ဆင်ထားနိုင်မှုများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။

အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့ လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအိအိဟန် နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဆရာ/မများနှင့် နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း အမှာစကားပြောကြားရာ ယခုအလုပ်ရုံတွေးနွေးပွဲသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်တဲ့ အခမ်းအနားဖြစ်ကြောင်းပြောကြားခဲ့သည်။ လူငယ်တွေအတွက် ပညာရေးနဲ့အတူ အလုပ်အကိုင် တီထွင်ဖန်တီးနိုင်မှုအခွင့်အလမ်းတွေနဲ့ လက်တွေ့အသုံးချနိုင်မယ့် ကျွမ်းကျင်မှုတို့ကို ပြုစုပျိုးထောင်ပေးခြင်းဟာ နိုင်ငံတော်အတွက် အရေးကြီးတဲ့ရင်းနှီးမြှုပ်မှုဖြစ်တယ်လို့ခံယူထားပါတယ်။ ဒါ့အပြင် Job-Ready Skills ဆိုတာ အလုပ်တစ်ခုကို တစ်ပါးသူဆီတောင်းရုံသပ်သပ်မဟုတ်ဘဲ ကိုယ်တိုင်က အလုပ်ခွင်အသစ်ကိုဖန်တီးနိုင်တဲ့စွမ်းရည်ရှိခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ယခု Workshop အား ဩဂုတ်လ ၁၅ ၊ ၁၆ (၂) ရက်တာကျင်းပမည်ဖြစ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ မေဂျာပေါင်းစုံမှ နောက်ဆုံးနှစ် ကျောင်းသား/သူပေါင်း ၁၅၀ ခန့်တက်ရောက်ကြောင်းသိရသည်။

ယခုကျင်းပလျက်ရှိသည့် Workshop သည် လူငယ်တွေ အလုပ်ခွင်လိုအပ်တဲ့စွမ်းရည်တွေကို မြှင့်တင်ပေးပြီး အလုပ်အကိုင်ရရှိနိုင်မှုကို မြှင့်တင်ပေးဖို့၊ မိမိကိုယ်မိမိယုံကြည်မှုရှိလာစေဖို့နဲ့ အလုပ်ခွင်ဝင်ရောက်တဲ့အခါ အဆင်သင့်ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ သင်တန်းသားများသည် ဆက်သွယ်ပြောဆိုမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ခေါင်းဆောင်မှု၊ ပြဿနာဖြေရှင်းမှု၊ CV ရေးသားမှု၊ အလုပ်အင်တာဗျူးဖြေဆိုမှုနဲ့ အလုပ်ခွင်ကျင့်ဝတ် စတဲ့ စွမ်းရည်တွေကို ရရှိသွားမှာဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၏ဒုပါမောက္ခချုပ် ဒေါက်တာ သီတာထွေးဝင်းက ဆိုသည်။

မူရင်းသတင်း — Popular Myanmar