ပုသိမ်၊ ဩဂုတ် ၁၅
လက်ရှိဖြစ်ပွားလျက်ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် ရောင်းချနေသည့် အကင်များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။
အကင်များဝယ်ယူစားသုံးရာတွင် သေချာကျက်အောင် ချက်ပြုတ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် ချက်ပြုတ်ပြီးသားအစားအစာများကို လက်ဗလာဖြင့် မကိုင်တွယ်ဘဲ ဇွန်း၊ ညှပ် သို့မဟုတ် သန့်ရှင်းသောလက်အိတ်များ အသုံးပြုကိုင်တွယ်သည့် ဆိုင်များကို ရွေးချယ်စားသုံးရန် အသိပေးထားသည်။
ထို့ပြင် အစားအစာများကို ဖုန်၊ ယင်ကောင်နှင့် အခြားပိုးမွှားများ မထိတွေ့စေရန် အဖုံးအကာဖြင့် စနစ်တကျ ကာကွယ်ထားခြင်း ရှိ၊ မရှိ သတိပြုရန်၊ အနံ့၊ အရသာနှင့် အရောင်မမှန်သည့် သို့မဟုတ် ပုပ်သိုးနေသည်ဟု သံသယရှိသည့် အစားအစာများကို ရှောင်ကြဉ်ရန်နှင့် သန့်ရှင်းသောရေ၊ ပန်းကန်နှင့် အသုံးအဆောင်များ အသုံးပြုသည့် ဆိုင်များကို ရွေးချယ်ရန်လည်း တိုက်တွန်းထားသည်။
ဝမ်းပျက်ဝမ်းလျှောနှင့် အစားအစာမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများကို ကာကွယ်နိုင်ရေးအတွက် သန့်ရှင်းပြီး ကျက်အောင်ချက်ပြုတ်ထားသည့် အစားအစာများကိုသာ ရွေးချယ်စားသုံးကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။