Popular Myanmar

အာရှအမျိုးသမီးချန်ပီယံလိဂ် ယှဉ်ပြိုင်မည့် ဧရာဝတီအသင်း ပြည်တွင်းထိပ်တန်းကစားသမား ၆ ဦးဖြင့် အင်အားဖြည့်

ရန်ကုန်၊ ဩဂုတ် ၁၅

အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိနိုင်ရေးအတွက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ အသင်းအင်အား ထပ်မံဖြည့်တင်းလိုက်ကြောင်း သိရသည်။

ဧရာဝတီအမျိုးသမီးအသင်းသို့ အငှားစာချုပ်ဖြင့် ရောက်ရှိလာသည့် ကစားသမားများမှာ ရတနာပုံအသင်းမှ ဝင်းသိင်္ဂီထွန်း၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ဇင်မိုးပြည့်၊ ISPE အသင်းမှ မိုးမမစိုး၊ လင်းမြင့်မိုရ်နှင့် ဇူးလတ်နဒီ၊ သစ္စာအားမာန်အသင်းမှ မေသက်မွန်မြင့်တို့ ဖြစ်ကြသည်။

အဆိုပါကစားသမားများသည် ပြည်တွင်းအမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် အတွေ့အကြုံရှိသည့် ကစားသမားများဖြစ်ပြီး ယခုကဲ့သို့ အင်အားဖြည့်တင်းမှုနှင့်အတူ ဧရာဝတီအမျိုးသမီးအသင်းအနေဖြင့် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar