Eleven Media Group

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရန် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် Chlorine Booster dosing လုပ်ငန်းကို မြို့နယ် ရှစ်မြို့နယ်၌ ဆောင်ရွက်

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရန် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် Chlorine Booster dosing လုပ်ငန်းကို မြို့နယ် ရှစ်မြို့နယ်၌ ဆောင်ရွက်နေကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သွဲ့နိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ရန်ကုန်မြို့တော်နေ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသောသောက်သုံးရေများ နေ့စဉ်ဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သွဲ့နိုင်ဦးအား တွေ့ဆုံမေးမြန်းရာတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်တွေ၊ ဌာနမှူးတွေ၊ တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေဖြန့်ဖြူးပေးဝေနေတဲ့ မြို့နယ်တွေကို ကွင်းဆင်းပြီးရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်အတွင်း Chlorine Booster dosing ခတ်မှုအခြေအနေကိုလည်း နေ့စဉ်လိုက်လံ ကြည့်ရှုစစ်ဆေးနေပါတယ်။ လက်ရှိ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်အတွင်း Chlorine Booster dosing (Superchlorina-tion) လုပ်ငန်းကို လသာမြို့နယ်မှာ ရှစ်နေရာ၊ လမ်းမတော်မြို့နယ်မှာ ငါးနေရာ၊ အလုံမြို့နယ်မှာ တစ်နေရာ၊ ပုဇွန်တောင်မြို့နယ်မှာ တစ်နေရာ၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ တစ်နေရာ၊ ကျောက်တံတား မြို့နယ်မှာ နှစ်နေရာ၊ ပန်းဘဲတန်းမြို့နယ်မှာ နှစ်နေရာနှင့် ဒဂုံမြို့နယ်မှာ တစ်နေရာ စုစုပေါင်း ၂၁ နေရာမှာ ဆောင်ရွက်နေပါတယ်” ဟု ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သွဲ့နိုင်ဦးက ပြောကြားသည်။

ဆက်လက်ပြီး Chlorine Booster dosing (Superchlorination) ဆောင်ရွက်မှုကြောင့် ရေဖြန့်ဖြူးပေးဝေရေးကွန်ရက်အတွင်း Residual Chlorine ပါဝင်မှုကို လေ့လာဆန်းစစ်နိုင်ဖို့အတွက် ရေနမူနာရယူပြီး ရေအရည်အသွေးတိုင်းတာကာ စောင့်ကြည့်လေ့လာမှုတွေ ဆောင်ရွက်နေမှုတွင် မူလ Residual Chlorine အထိုက်အလျောက်ရှိပြီး ထွက်ပေါ်လာသည့် အဖြေအရ သင့်လျော်မှုရှိသည်ကို တွေ့ရကြောင်း ၎င်းက ပြောကြားသည်။

လသာနှင့် လမ်းမတော်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားပြီး ရန်ကုန်တိုင်းရှိ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနှင့် ရန်ကုန်တိုင်းအောက်ရှိ ဆေးရုံ ၆၅ ရုံတွင် ဆေးဝါးများ စုဆောင်းထားကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများ၊ အတွင်းလူနာများကို လက်မခံတော့ဘူးဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားထားသည်။

“အရင်နေ့တွေနဲ့စာရင်တော့ နည်းနည်းကျလာပါပြီ။ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ငါးရက်၊ တစ်ပတ်လောက်အတွင်းမှာ ဒီဖြစ်ပွားတဲ့ လူနာတွေ လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူနာတွေ အသက်မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် Zero death ဖြစ်အောင် ကုသရေးဦးစီးဌာနက ဆရာဝန်တွေ၊ ဆေးရုံကြီးတွေကလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ ၆၅ ရုံမှာအားလုံးက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို အကုန်လုံးသင်တန်းတွေပေးပြီး ဆေးဝါးပစ္စည်း စုဆောင်းထားပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ဒေါက်တာ နန္ဒဝင်းက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် နှစ်စဉ်မိုးဦးကျအချိန်တိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် စိန်ခေါ်မှုရှိသည့် ရောဂါတစ်ခုလည်း ဖြစ်ကြောင်း၊ ဩဂုတ်လ ၈၊ ၉၊ ၁၀ မှာ လမ်းမတော်မြို့နယ်က ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်သူ အယောက် ၂၀၊ လသာမြို့နယ်က အယောက် ၂၀ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်က ၁၄ ယောက် အစုလိုက် တွေ့ခဲ့ကြောင်း သိရသည်။

“သူတို့ကို ကျွန်တော်တို့က Google ပေါ်မှာ ရိုက်သွင်းမှတ်တမ်းတင်စနစ်မျိုးတွေ အသုံးပြုပြီး တောက်လျှောက်ထောက်လှမ်းပြီးတော့ ကြည့်ရှုစောင့်ရှောက်ပါတယ်။ အဲဒီလို ကြည့်ရှုစောင့်ရှောက်တဲ့အခါမှာ ဒီလမ်းမတော်နဲ့ လသာမြို့နယ်မှာ ဖြစ်ပွားမှုတွေများတယ်။ လမ်းမတော်မြို့နယ် ၁ လမ်းကနေ ၂၄ လမ်းကြားမှာတင် ဒီလူနာတွေက စိပ်လာတာကို အံ့ဩဖွယ်ရာ တွေ့ရတယ်။ ဒီနေရာကလည်း ရန်ကုန်မြို့ရဲ့ China Town ရှိတဲ့နေရာ ဖြစ်နေတယ်”ဟု ဒေါက်တာနန္ဒဝင်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group