Eleven Media Group

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၅၈ မိုင်အနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၅၈ မိုင်အနီးတွင် သြဂုတ် ၁၅ ရက် နံနက်အစောပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော Elite ခရီးသည်ပို့​ဆောင်​ရေး ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး အမြန်လမ်းမကြီး လမ်းလယ်ကျွန်းအား ဝင်တိုက်ရာမှ တံတားအောက်သို့ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သြဂုတ် ၁၅ ရက် နံနက် ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော Elite ခရီးသည်ပို့​ဆောင်​ရေးယာဉ်လိုင်းမှ ယာဉ်အမှတ် 9Q------ SCANIA NEUSTAR အမျိုးအစား အဖြူရောင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် ယာဉ်မောင်းအပါအဝင် ခရီးသည် ကျား (၆)ဦး၊ မ (၉)ဦး၊ ပေါင်း (၁၅) ဦး လိုက်ပါလျှက် အမြန်လမ်းကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာစဉ် လမ်းမကြီးမိုင်တိုင်အမှတ် ၅၈ မိုင် ၁ ဖာလုံနှင့် နှင့် ၅၈ မိုင် ၂ ဖာလုံအကြားသို့အရောက် ယာဉ်မောင်းအိပ်ငိုက်ပြီးမောင်းနှင်ရာမှ လမ်းလယ်ကျွန်းအားဝင်​ရောက်တိုက်မိ​ခဲ့ပြီး တံတား‌အောက်သို့ထိုးကျတိမ်း​မှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနီအမြန်လမ်းမကြီးရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ဘောနီအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်လိုက်ပါသူ ခရီးသည် ၁၅ ဦးတို့အနက် ကျား (၂)ဦး၊ မ (၂)ဦး တို့သာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်သာ အဖြစ်များ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ခရီးသည်အားလုံး ထိုင်ခုံခါးပတ် (Seat Belt) ​​မဖြစ်မ​နေသေချာစွာပတ်ထားရန်၊ (ထိုင်ခုံခါးပတ် ပတ်မထားသည့်ခရီးသည်များကိုယာဉ်​ပေါ်ပါ ဝန်ထမ်းမှသတိ​ပေး​စောင့်ကြည့်၍ ပတ်​စေရန်) ၊ ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲမှ ထုတ်ပြန်သတိ​ပေးထားသည်။

မူရင်းသတင်း — Eleven Media Group