မကာအို၊ ဩဂုတ် ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပခဲ့သည့် ၂၀၂၆ ကွမ်တုံး-မကာအို ကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ယွန်းထည်၊ အဝတ်အထည်နှင့် ဒေသထွက်အစားအသောက်များ ပါဝင်ပြသရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲကို Venetian Macao, Cotai Expo ၌ ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ လေးရက်ကြာ ဇုန်ခြောက်ခုခွဲ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ ကုန်ပစ္စည်းဇုန် (Belt and Road Zone) ရှိ မြန်မာပြခန်းဧရိယာတွင် ပြခန်း ၂၀ ပါဝင်ခဲ့သည်။
ယင်းတို့အနက် မြန်မာကုမ္ပဏီ ငါးခုက ကျောက်စိမ်း၊ ကျောက်မျက်ရတနာနှင့် အဖိုးတန်လက်ဝတ်ရတနာများ၊ ယွန်းထည်ပစ္စည်းများနှင့် အဝတ်အထည်များကို ခင်းကျင်းပြသရောင်းချခဲ့ကြပြီး ကျန်ပြခန်းများတွင် မကာအိုဒေသရှိ တရုတ်-မြန်မာလုပ်ငန်းရှင်များက မြန်မာ့အစားအသောက်နှင့် လက်ဝတ်ရတနာများကို ပါဝင်ပြသရောင်းချခဲ့ကြသည်။
အဆိုပါ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲကို မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ မကာအို ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ (IPIM) နှင့် ကွမ်တုံးပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနတို့ ပူးပေါင်းကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။