Popular Myanmar

ပြည်တွင်းစားသုံးမှုဖူလုံရေး ဦးစားပေးပြီး ပိုလျှံထုတ်ကုန်များ ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့ရန် စီးပွား/ကူးသန်းဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၁၅

ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ကုန်ပစ္စည်းများကို သက်သာသည့်ဈေးနှုန်းဖြင့် ဦးစွာဖြန့်ဖြူးပေးပြီး ပိုလျှံသည့်ထုတ်ကုန်များကို ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက တိုက်တွန်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွင်း စက်ရုံ၊ အလုပ်ရုံများ၏ ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာစက်မှုဇုန် (၁) ရှိ Shwe War Yaung Agriculture Production ကုမ္ပဏီ၌ ပြည်ပတင်ပို့မည့် အဆင့်မြင့်ဆန်များ သန့်စင်ခြင်း၊ အရောင်နှင့် အရွယ်အစားခွဲခြားခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အိတ်သွတ်ထုပ်ပိုးခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုခဲ့သည်။

ထို့ပြင် သွင်းကုန်အစားထိုး ပီနံအိတ်ခွံထုတ်လုပ်သည့် Mega Pack ကုမ္ပဏီနှင့် KK Fishing Net Factory တို့၏ ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အရှေ့တောင်အာရှဈေးကွက်သို့ တင်ပို့နေသည့် ငါးဖမ်းပိုက်များကို တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များအထိ တိုးချဲ့တင်ပို့နိုင်ရေး စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လှိုင်သာယာစက်မှုဇုန် (၄) ရှိ Thamadi Family ဆန်စက်နှင့် မင်္ဂလာဒုံစက်မှုဇုန်ရှိ Fu Xing Brothers ကုမ္ပဏီ၏ ရော်ဘာသိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေးကာ ပြည်ပဝယ်ယူသူများ၏ အရည်အသွေးသတ်မှတ်ချက်နှင့်အညီ တင်ပို့နိုင်ရေး၊ Solar Power စနစ်ဖြင့် လည်ပတ်နေမှုနှင့် သိုလှောင်ရုံစီမံခန့်ခွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar