ရန်ကုန်၊ ဩဂုတ် ၁၅
ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။
ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။
အဆိုပါ ရောဂါဖြစ်ပွားပါက အရည်ဝမ်းများစွာသွားခြင်း၊ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်းနှင့် နှုတ်ခမ်းခြောက်သွေ့ခြင်း၊ ကြွက်တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
သို့ဖြစ်ပါ၍ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ ယင်လုံအိမ်သာ အသုံးပြုရန်၊ သောက်သုံးရေကို ကျိုချက်ရန်နှင့် အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ယင်မနားစေရန် ဖုံးအုပ်ထားကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။