Popular Myanmar

စပိန်နိုင်ငံ ဂရန်နာဒါမြို့တွင် ငလျင်လှုပ်ခတ်၊ အဆောက်အအုံများနှင့် ကားများ ပျက်စီး

​ရိုက်တာ (Reuters)၊ AFP နဲ့ The New York Times သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဩဂုတ်လ ၁၅ ရက် စနေနေ့ မနက် ၁ နာရီကျော်လောက်မှာ နာမည်ကြီး ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ စပိန်နိုင်ငံ ဂရန်နာဒါ(Granada) ပြည်နယ်ထဲက အယ်လ်ဟန်ဒင်(Alhendín) မြို့မှာ ပြင်းအား ၅.၂ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။

​သတင်းတွေအရတော့ ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ သိရပါတယ်။ အန်ဒါလူစီယာ(Andalusia) ဒေသရဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ အန်တိုနီယို ဆန်းဇ် ကတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဆီကို ဖုန်းခေါ်ဆိုမှုပေါင်း ၃၀၀ လောက် လက်ခံရရှိခဲ့ပြီး အထူးသဖြင့် ဂရန်နာဒါမြို့တောင်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်း ၈၅ ခုလောက်ကို သွားရောက်လုပ်ဆောင်ပေးခဲ့ရတယ်လို့ ရိုက်တာသတင်း‌ဌာနကို ပြောကြားခဲ့ပါတယ်။

​အန်ဒါလူစီယာ အရေးပေါ်အေဂျင်စီ (AEA) ကလည်း X (ယခင် Twitter) လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ရာမှာ ဂရန်နာဒါမြို့တစ်ခုတည်းကတင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ဖုန်းဆက်အကူအညီတောင်းတာတွေ ရှိခဲ့တာမဟုတ်ဘဲ ဟွယ်လ်ဗာ (Huelva) နဲ့ ကာဒစ်ဇ် (Cádiz) မြို့တွေကလွဲလို့ ကျန်တဲ့ အန်ဒါလူစီယာ ပြည်နယ်တစ်ဝန်းလုံးကပါ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

​မျက်နှာကြက်တွေ၊ အမိုးအစွန်းပန်းတွေ၊ နံရံတွေနဲ့ အလှဆင်ထားတဲ့ အစိတ်အပိုင်းတွေ အက်ကွဲတာ၊ ပြိုကျတာတွေနဲ့ ပတ်သက်ပြီး သတင်းပို့တာတွေကို AEA က လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂရန်နာဒါမြို့ရဲ့ နာမည်အကြီးဆုံး နေရာတချို့ အပါအဝင် ကြီးကြီးမားမား အဆောက်အအုံပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုမျိုးတော့ မရှိဘူးလို့ သူတို့က မှတ်ချက်ပြုထားပါတယ်။

​အဲ့ဒီအထဲမှာ အစ္စလာမ့်ဗိသုကာလက်ရာတွေကြောင့် နာမည်ကြီးပြီး ဂရန်နာဒါမြို့ကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ ၁၃ ရာစုက အယ်လ်ဟမ်ဘရာ(Alhambra) နန်းတော်နဲ့ ခံတပ်လည်း ပါဝင်ပါတယ်။ ဒီနာမည်ကြီး သမိုင်းဝင်အဆောက်အအုံဟာ “ဘယ်လိုထိခိုက်မှုမျိုးမှ မရှိခဲ့ပါဘူး” လို့ ဆန်းဇ် က ရိုက်တာနဲ့ AFP ကို ပြောကြားခဲ့ပါတယ်။

​ဒါပေမဲ့ အန်ဒါလူစီယာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ကျွမ်းကျင်သူတွေက “နောက်ဆက်တွဲ ငလျင်ငယ်တွေ အများကြီး” ထပ်လှုပ်နိုင်သေးပြီး အဲ့ဒီဒေသမှာ မြေငလျင်လှုပ်ခတ်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် သူတို့အနေနဲ့ “သတိရှိရှိနဲ့ ဆက်နေကြရမယ်” လို့ ဆန်းဇ် က AFP ကို ပြောပါတယ်။ ငလျင်စလှုပ်ကတည်းက ဗဟိုချက်နေရာတဝိုက်မှာ နောက်ဆက်တွဲငလျင်ငယ်ပေါင်း ၂၀၀ လောက် လှုပ်ခတ်ခဲ့ပြီး အဲ့ဒီအထဲက အများစုကိုတော့ “လူတွေ သတိမထားလိုက်မိကြဘူး” လို့ တရားဝင်ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်း — Popular Myanmar