Popular Myanmar

ထိုင်းဝန်ကြီးချုပ် အနူတင် ဩစတြေးလျနှင့် နယူးဇီလန်သို့ သွားရောက်မည်၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

ဘန်ကောက်၊ ဩဂုတ် ၁၆

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေး အဓိကဆွေးနွေးသွားမည်ဖြစ်သည်။

ထိုင်းအစိုးရအဖွဲ့သည် ဩဂုတ် ၁၁ ရက်က ထိုင်း-နယူးဇီလန် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ပူးတွဲကြေညာချက်မူကြမ်းကို အတည်ပြုထားပြီး နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ရည်ရွယ်ထားသည်။

စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုတို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ကာ ၂၀၄၅ ခုနှစ်အရောက် ထိုင်း-နယူးဇီလန် နှစ်နိုင်ငံကုန်သွယ်မှုကို သုံးဆတိုးမြှင့်ရန် ရည်မှန်းထားသည်။ ကုန်သွယ်ရေးအတားအဆီးများ လျှော့ချရေးနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပံ့ပိုးရေးတို့ကိုလည်း ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

ဩစတြေးလျခရီးစဉ်တွင် ၂၀၂၂-၂၀၂၅ ထိုင်း-ဩစတြေးလျ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပူးတွဲလုပ်ငန်းအစီအစဉ်ကို အခြေခံ၍ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို အထူးအလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: The Nation

မူရင်းသတင်း — Popular Myanmar