ရန်ကုန်၊ ဩဂုတ် ၁၆
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ဘရာဇီးလ်တိုက်စစ်ကစားသမား Carlos Damian (Carlos Damian dos Santos Puentes) ကို ခေါ်ယူအားဖြည့်လိုက်ကြောင်း အသင်းက တရားဝင်ကြေညာသည်။
အသက် ၃၄ နှစ်အရွယ် Carlos Damian သည် အရပ် ၆ ပေ ၂ လက်မရှိပြီး ကွင်းလယ်တိုက်စစ်နှင့် တောင်ပံနေရာများတွင်ပါ ကစားနိုင်သည့် စွယ်စုံရတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် ခြေနှစ်ဖက်စလုံးကို ကောင်းစွာအသုံးပြုနိုင်ခြင်းမှာလည်း ၎င်း၏ အားသာချက်တစ်ရပ်ဖြစ်သည်။
Carlos Damian သည် ဘရာဇီးလ်နိုင်ငံ၌ ကစားသမားဘဝစတင်ခဲ့ပြီးနောက် အယ်ဆာဗေးဒိုး၊ ဗီယက်နမ်၊ ယူအေအီးနှင့် ထိုင်းနိုင်ငံတို့တွင် သွားရောက်ကစားခဲ့သဖြင့် နိုင်ငံတကာနှင့် အာရှဘောလုံးလောက အတွေ့အကြုံများ ရရှိထားသူဖြစ်သည်။
၎င်းသည် ထိုင်းကလပ်အသင်းများဖြစ်သည့် Ranong United၊ Khon Kaen FC၊ Uthai Thani FC နှင့် Sisaket United အသင်းတို့တွင်လည်း ပါဝင်ကစားခဲ့ဖူးသည်။
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ၂၀၂၆-၂၀၂၇ ရာသီ ပြည်တွင်းပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေးအတွက် အတွေ့အကြုံရင့် Carlos Damian ကို ခေါ်ယူကာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းထားခြင်းဖြစ်ကြောင်း သိရသည်။