နေပြည်တော်၊ ဩဂုတ် ၁၆
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းသွင်းကုန်နှင့် ပြည်ပပို့ကုန် ထောက်ခံချက်များအပြင် စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်များ၊ သယ်ယူပို့ဆောင်ခွင့်ပြုချက်များကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
ဩဂုတ် ၁၅ ရက်က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ပညာရပ်ဆိုင်ရာအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ထောက်ခံချက်နှင့် ခွင့်ပြုချက်များကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဓာတုပစ္စည်း စီမံခန့်ခွဲရေးဗဟိုဌာနကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ယင်းလုပ်ငန်းများအနက် ဓာတုပစ္စည်းစီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်းတို့ကို သက်ဆိုင်ရာဌာနများမှ သင်တန်းသား ၆၆ ဦးအား ပို့ချပေးခဲ့ကြောင်း သိရသည်။