Popular Myanmar

မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်း၊ တစ်နှစ်ခွဲကျော်အတွင်း ပြည်ပနိုင်ငံသား ၁၄,၇၆၀ ဦး ထိန်းသိမ်းနိုင်ခဲ့

မြဝတီ၊ ဩဂုတ် ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုဒ်များ၌ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် တရားမဝင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကင်မရွန်းနှင့် ကင်ညာနိုင်ငံတို့မှ ပြည်ပနိုင်ငံသား ၁၁ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံသား ၁၁ ဦးကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖေ-ာက်ဖျ-က်မှုဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ တရားစွဲဆိုအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၇၆၀ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းတို့အနက် ၁၃,၈၂၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၄၀ ဦးအနက် ၇၂၄ ဦးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတို့အရ အပြစ်ပေးအရေးယူခံထားရသူများဖြစ်သည်။ ကျန်ရှိသည့် ၂၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဒုက္ခရောက်နေသူများနှင့် လူကုန်ကူးခံရသူများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar