ရန်ကုန်၊ သြဂုတ်-၁၆
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) နှင့် အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအသင်းချုပ် (ICIB) တို့အကြား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MyanTrade) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ MWEA ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ICIB ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပြင် ICIB အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် MWEA နှင့် ICIB တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ရန်၊ ICIB ၏ Global Women Forum တွင် MWEA အသင်းဝင်အဖြစ် ပါဝင်နိုင်ရေးနှင့် နှစ်စဉ်ကျင်းပသည့် ဖိုရမ်သို့ တက်ရောက်နိုင်ရေး ဖိတ်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ အမျိုးသမီးစီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ကာ စီးပွားရေးချိတ်ဆက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာနိုင်ရေးအတွက်လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူဆွေးနွေးခဲ့ကြောင်း သိရသည်။
MWEA သည် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ ဦးဆောင်အမျိုးသမီးစီးပွားရေးအသင်းဖြစ်ပြီး ပြည်တွင်းပြည်ပ အမျိုးသမီးစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။