မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရေဘေးသင့်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ သြဂုတ် ၁၅ ရက်နံနက်ပိုင်းတွင် အောင်လံမြို့၊ သရက်တောရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ဆန်အိတ်များ၊ စားသုံးဆီများ၊၊ ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများနှင့် ထမင်းဗူးများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြို့နယ်အတွင်းရှိ ရေဝင်ရောက်နေသော ရပ်ကွက်/ကျေးရွာများ၌ ရေတက်ရောက်နေမှုကိုကြည့်ရှုပြီး ရေဘေးသင့်သူများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး၊ ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။