Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် မြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) သို့ သွားရောက်ကြည့်ရှုအားပေး၍ ကျောင်းဝတ်စုံနှင့်အားကစား ဝတ်စုံများ ပံ့ပိုးပေးအပ်






နေပြည်တော်၊ သြဂုတ် ၁၇

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ အမျိုးသမီးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံး အကယ်ဒမီကျောင်း (မန္တလေး)သို့ ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ပြီး သင်တန်းသူများနှင့် ရင်းနှီးစွာ တွေ့ဆုံအားပေးခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဝန်ကြီးဌာန အတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မမ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အိနန္ဒာတို့နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစောငြိမ်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းအရေးမှူး ဦးထွန်းထွန်းအောင်၊ အမျိုးသမီးအကယ်ဒမီ ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမိုး၊ နည်းပြများနှင့် အကယ်ဒမီကျောင်းသူများက ကြိုဆိုခဲ့ကြသည်။  

တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားရာ အကယ်ဒမီကျောင်း ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာ့အမျိုးသမီးဘောလုံးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအကယ်ဒမီမှတစ်ဆင့် မျိုးဆက်သစ် လက်ရွေးစင်အမျိုးသမီးဘောလုံးကစားသမားကောင်းများစွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် လေ့ကျင့်သင်ကြားမှုများကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကာ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

အစီအစဉ်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က အမျိုးသမီးဘောလုံးအကယ်ဒမီကျောင်း စတင်ဖြစ်တည်လာပုံ နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အကယ်ဒမီ ကျောင်းသူများ အတန်းပညာသင်ကြားရေး အတွက် ကျောင်းဝတ်စုံများ၊ လေ့ကျင့်ရေးအတွက် အားကစားဝတ်စုံများအား ပံ့ပိုးပေးအပ်ခဲ့ရာ ကျောင်းသူများမှ လက်ခံယူခဲ့ပါသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နည်းပြများ၊ အကယ်ဒမီကျောင်းသူများနှင့်အတူအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။


Photo - MFF

#News #Myanmar

မူရင်းသတင်း — Myanmar National Post