
အောက်တိုဘာ - ၁ ( ကြာသပတေးနေ့ )
အမေရိကန်က အချို့သော မူပိုင်ခွင့်ရ ဆေးဝါး တင်သွင်းမှုတွေအပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် ကောက်ခံခဲ့ရာမှာ အိန္ဒိယနိုင်ငံအနေနဲ့ အင်္ဂါနေ့တုန်းက ကင်းလွတ်ခွင့်အချို့ ပြန်လည်ရရှိခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ အထူးကု ဆေးဝါးတွေနဲ့ အဆိုပါဆေးဝါးပြုလုပ်ရာမှာ သုံးတဲ့ ပါဝင်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့သလို၊ သာမန်ဆေးဝါး တွေနဲ့ ၎င်းတို့ရဲ့ ပါဝင်ပစ္စည်းတွေကိုလည်း လောလောဆယ် အထိ အဆိုပါ အခွန်ကောက်ခံမှုထဲကနေ လုံးဝ ကင်းလွတ်ခွင့်ပြုထားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ မူလစာရင်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအတွက် ဇူလိုင် ၃၁ ရက်ကတည်းက စတင် သက်ရောက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်မှာတော့ အမေရိကန် ကုန်သွယ်ရေး တိုးချဲ့မှု အက်ဥပဒေ ပုဒ်မ ၂၃၂ အောက်မှာ ပါဝင်တဲ့ အခြားကုမ္ပဏီတွေအထိ တိုးမြှင့် သတ်မှတ်ပေးခဲ့တာပါ။
အမေရိကန်ဟာ အိန္ဒိယရဲ့ အကြီးမားဆုံး ဆေးဝါးတင်ပို့ရာ ဈေးကွက်ဖြစ်တာကြောင့် ဒီလို ကင်းလွတ်ခွင့် ရရှိတာဟာ အိန္ဒိယအတွက် တကယ့်ကို အရေးပါပါတယ်။ အိန္ဒိယ အစိုးရ ကျောထောက်နောက်ခံပြု ဆေးဝါး တင်ပို့မှု မြှင့်တင်ရေး ကောင်စီရဲ့ အဆိုအရ ၂၀၂၅ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ် အတွင်း အိန္ဒိယက အမေရိကန်ကို ဒေါ်လာ ၁၀ ဘီလီယံဖိုးခန့် ဆေးဝါး တင်ပို့ခဲ့တာဖြစ်ပြီး ဒါဟာ တစ်နိုင်ငံလုံး ဆေးဝါး ပြည်ပတင်ပို့မှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။
ဒီလို တင်ပို့မှုရဲ့ အများစုဟာ သာမန်ဆေးဝါး အမျိုးအစားတွေ ဖြစ်ပါတယ်။ အိန္ဒိယဟာ ၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း ကမ္ဘာတစ်ဝန်းကို သာမန်ဆေးဝါး ဒေါ်လာ ၂၄.၁၅ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ကမ္ဘာ့အကြီးမားဆုံး သာမန်ဆေးဝါး တင်ပို့သူလည်း ဖြစ်ပါတယ်။ အဆိုပါ သာမန်ဆေးဝါး အမျိုးအစားတွေဟာ လောလောဆယ်မှာတော့ အမေရိကန်ရဲ့ အခွန်သစ် ကောက်ခံမှု ထဲမှာ မပါဝင်သေးပါဘူး။
ဒါ့အပြင် အချို့သော အထူးကု ဆေးဝါးတွေအပေါ် အခွန် လုံးဝ မကောက်ခံမဲ့ နိုင်ငံ ၂၀ စာရင်းထဲမှာ လည်း အိန္ဒိယ ပါဝင်လာခဲ့ပါတယ်။ ဒီလို အခွန်ကင်းလွတ်ခွင့် ရရှိတဲ့ ဆေးဝါးတွေထဲမှာ ရှားပါးရောဂါတွေအတွက် သီးသန့်သုံးတဲ့ ဆေးဝါးတွေ၊ နျူကလီးယား ဆေးဝါး ကုသမှုတွေ၊ ပလာစမာအခြေပြု ကုထုံးတွေ၊ သားဆက်ခြား ကုသမှုတွေနဲ့ ဆဲလ်နဲ့ ဂျင်းန်ဆိုင်ရာ ကုထုံးတွေ၊ ပဋိဇီဝဆေးဝါးတွေနဲ့ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ဆေးဝါး ထုတ်ကုန်တွေ ပါဝင်ပါတယ်။
REF: RT
#News #Myanmar