







နေပြည်တော်၊ အောက်တိုဘာ ၁
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပ ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ရပ်ရွာအေးချမ်းသာယာ ရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်းကျဆုံး ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသောအားဖြင့် (၁)မိနစ်ငြိမ်သက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သမိုင်းအစဉ်အလာနှင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် ထမ်းဆောင်ခဲ့သည့် တာဝန်များကို ပြန်လည်အမှတ်ရဂုဏ်ပြုသည့်အခမ်းအနားဖြစ်သကဲ့သို့ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပြန်လည်သုံးသပ်သတ်မှတ်ရမည့် အခါသမယလည်းဖြစ် ကြောင်း။
မိမိတို့နိုင်ငံ အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် ရည်ရွယ်ချက်လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက် နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက် နေပြီး နိုင်ငံတကာဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ ခိုင်မာအောင် တည်ဆောက်နေကြောင်း၊ ထိုသို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင် ဆောင်ရွက်ရာတွင် နိုင်ငံဖြတ်ကျော် မှုခင်းများကိုလည်း အလေးထားပြီး ပူးပေါင်းကာကွယ် တားဆီးဖြေရှင်း ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း။
ယနေ့ခေတ်တွင် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အမျှ Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ ပိုမိုရှုပ်ထွေးလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ရှုပ်ထွေးမှုများကို ထိရောက်စွာ ကာကွယ်တားဆီးရန်နှင့် အချိန်မီတုံ့ပြန်နိုင်ရန်အတွက် နည်းပညာ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်း၊ မှုခင်းသတင်းအချက်အလက်များ စုဆောင်းခြင်းနှင့် သုံးသပ်ခြင်း၊ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။
အထူးသဖြင့် ယနေ့ဒေသတွင်းနိုင်ငံများနည်းတူ ကြုံတွေ့နေရသည့် နိုင်ငံဖြတ် ကျော်မှုခင်းများသည် နိုင်ငံတစ်ခုတည်းကဖြေရှင်း၍ မရနိုင်သည့်စိန်ခေါ်မှုများ ဖြစ်လာသည့်အတွက် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက ပိုမို၍အရေးကြီး လာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို့ ၁၉၉၈ ခုနှစ်တွင် အာဆီယံ ရဲအဖွဲ့ (ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံဖြတ် ကျော်မှုခင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသော ရာဇဝတ်မှုများ အဖြစ်သတ်မှတ်၍ Zero Tolerance မူဝါဒဖြင့် နှိမ်နင်းလျက်ရှိကြောင်း၊ အွန်လိုင်းလောင်းကစားမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကိုထိခိုက်စေနိုင်ခြင်းကြောင့် အွန်လိုင်းလိမ်လည်မှုနည်းလမ်းများနှင့် အန္တရာယ်များကို ပြည်သူများ သိရှိနားလည် စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်သည့် အရေးယူမှုများပြုလုပ်ကြရန် နိုင်ငံတော်အစိုးရက အလေးထားဆောင် ရွက်နေကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အမြစ်ပြတ်နှိမ် နင်းရေးအတွက် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက် ရေး ကြီးကြပ်မှုဗဟိုကော်မတီ”ကို ၂၀၂၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြဌာန်းခဲ့ကြောင်း။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုလုပ်ငန်းလုပ်ကိုင်သည့်နေရာများ ဖော်ထုတ်အရေးယူ ဆောင် ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ၇၆,၄၈၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ၇၃,၂၅၈ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်း ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစပြီး အွန်လိုင်းလောင်းကစားမှုဖြင့် ကျော်ကြားနေ သည့် KK Park အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော လူနေအဆောက် အအုံများ အပါအဝင် အဆောက်အဦ စုစုပေါင်း ၆၃၅ လုံးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရာနှုန်းပြည့် မိုင်းခွဲဖြိုချဖျက်ဆီးရှင်းလင်းနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ရွှေကုက္ကိုလ်မြိုင်ကျေးရွာ အတွင်းတွင်ရှိသည့် အဆောက်အဦ ၇၇ လုံးကိုလည်း ရာနှုန်းပြည့်ဖြိုချ ဖျက်ဆီးရှင်းလင်းပြီးဖြစ်ကြောင်း။ ယင်းသည် ရဲတပ်ဖွဲ့အတွက် ကြီးမား သည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုကြောင်း။
မိမိတို့ အစိုးရအနေဖြင့် . မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်ရှုမြင်ပြီး ထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း၊ အထူးစစ်ဆင်ရေး (၄၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး စီမံချက် “Operation 42” ကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြား လိုကြောင်း။
နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (INCB)၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ အမေရိကန်မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)စသည့်အဖွဲ့များအပြင် အိမ်နီးချင်း နိုင်ငံများ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ထိန်းချုပ်ရေးအဖွဲ့များနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်သည်များကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်ခဲ့သည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မြန်မာကျပ်ငွေ ၂,၂၀၉ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၀၃ သန်းကျော်)တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်မှာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ထိရောက်သည့် အောင်မြင်မှုတစ်ခုပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခု စတုတ္ထ အကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ခုနှစ်သည်လည်း မဟာဗျူဟာ၊ နည်း ဗျူဟာနှင့် လုပ်ငန်းကဏ္ဍ (၄)ရပ်တို့ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး INTERPOL၊ ASEANAPOL တို့နှင့် ပူးပေါင်းပြီး လူကုန်ကူးမှုများတားဆီး နှိမ်နင်း ရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈)ကို ပြည်ထောင်စုအစိုးရ အဖွဲ့က သဘောတူပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံပေါင်း (၁၄)နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU)များ လက်မှတ်ရေးထိုးပြီး သတင်းအချက်အလက် ဖလှယ်ခြင်းများနှင့် ဥပဒေ၊ နည်းဥပဒေ များအရ အရေးယူခြင်းများကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း။
ရဲတပ်ဖွဲ့၏ လုပ်ငန်းများ အောင်မြင်ရန် ပြည်သူများ၏ ယုံကြည်အားကိုး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ပြည်သူများ၏ လိုအပ် ချက်များကို နားလည်ပြီး တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ အနေ ဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လူ့အခွင့်အရေးအခြေခံမူများကို လေးစား လိုက် နာ၍ ပြည်သူ့ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ကို ဆက်လက်မြှင့်တင် ဆောင်ရွက်ရမည်လည်း ဖြစ်ကြောင်း။
ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန် ပညာ အရည်အချင်း၊ ကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံနှင့် စည်းကမ်းတို့ကို စနစ်တကျ မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာသည် နှင့်အတူ မှုခင်းပုံစံများပြောင်းလဲလာသောကြောင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု ရဲလုပ်ငန်း(Digital Policing)၊ ရဲလုပ်ငန်းသုံးနည်းပညာ (Police Technology)၊ မှုခင်း သိပ္ပံ (Forensic Science)နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေး နည်းပညာများကို ထိရောက် စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မှုခင်း သတင်းအချက်အလက်များကို စနစ်တကျ စုဆောင်း၊ သိမ်းဆည်း၊ ခွဲခြမ်းစိတ်ဖြာပြီး အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ် မှုများကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရက ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စားမှုများနှင့် တာဝန်ကျေ ပွန်စွာ ထမ်းဆောင်မှုများကို အမြဲအလေးထား အသိအမှတ်ပြုကြောင်း၊ ယနေ့အခမ်း အနားမှတစ်ဆင့် မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက် နှင့်ကိုယ်အင်္ဂါများ စွန့်လွှတ် ပေးလှူသွားခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်နှင့် ကြိုးပမ်းမှုများကို ဂုဏ်ယူလေးစား အသိအမှတ်ပြုပါကြောင်းနှင့် လက်ရှိတွင်လည်း တာဝန်များကို စည်းကမ်းရှိရှိ၊ ရဲဝံ့စွာဖြင့် တာဝန်ယူမှုရှိစွာ ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုများနှင့် စွန့်လွှတ် အနစ်နာခံမှုများကိုလည်း လေးစားစွာ ဂုဏ်ပြုပါကြောင်းကို ပြောကြားလိုကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၄,၉၄၀)တို့ကို စွမ်းရည် သတ္တိဆိုင်ရာတံဆိပ်နှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်းကို လည်း အသိပေးလိုကြောင်း။
ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုများကို အစဉ်အမြဲ နားလည် ပံ့ပိုးပေးကြသည့် မိသားစုဝင်များကိုလည်း ပြည်သူများကိုယ်စား မှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ထမ်းဆောင် နေသည့် တာဝန်သည် နိုင်ငံတော်နှင့် ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့်တာဝန်ဖြစ်သည်ကို အမြဲသတိပြု ကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ တာဝန်များကို စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးအနေဖြင့် မိသားစု စိတ်ဓာတ်၊ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်များဖြင့် စနစ်တကျအုပ်ချုပ်ကွပ်ကဲပြီး ပေးအပ်လာသည့် တာဝန်များကို မခိုမကပ်ဘဲ ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဟူသည့် မျှော်မှန်းချက်များဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြ ရန်၊ ထိုကဲ့သို့တည်ဆောက်ရာတွင် ခေတ်မီလက်နက်၊ အီလက်ထရောနစ်ဆက်သွယ် ရေး စက်ပစ္စည်းများ၊ လုံခြုံရေးအသုံးအဆောင်များကိုလည်း ခေတ်ကာလနှင့် လျော်ညီ အောင် ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကလည်း စွမ်းရည်မြင့်မားရေး၊ အရည်အသွေးပြည့်မီစေရေးတို့အတွက် စဉ်ဆက်မပြတ် လေ့ကျင့် ဖြည့်ဆည်းဆောင်ရွက်သွားကြရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင်လည်း အဂတိကင်းစင်ပြီး ပြည်သူချစ်သည့် စွမ်းရည်ထက်မြက်သည့် ရဲတပ်ဖွဲ့ဖြစ်စေရေး အစဉ်တစိုက် လေ့ကျင့်တည်ဆောက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အားကိုးအား ထား ပြုရသည့် စည်းကမ်းကောင်းမွန်သည့် တပ်ဖွဲ့ဝင်များဖြစ်အောင် အလေးထား ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် လုပ်ငန်း တာဝန်(၆)ရပ်တို့ကို အောင်မြင် အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
ယနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခါသမယမှစ၍ ရဲတပ်ဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး မိမိတို့၏တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း၊ ရဲတပ်ဖွဲ့၏ စည်းကမ်း၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင် ရည်များ ပိုမိုမြင့်မားလာပြီး ပြည်သူများ၏ ယုံကြည်အားကိုးမှုကို ရရှိသည့် ခေတ်မီ ရဲတပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက်တိုးတက်ဖွံ့ဖြိုးလာပါစေရန် ဆုမွန်ကောင်းတောင်း ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရဲသူရတံဆိပ်ရရှိသူ ယာယီရဲမှူးကြီး ကျော်သူ၊ ဒုတိယရဲမှူး မြင့်ဇော်နှင့် ရဲမှူးကြီး ရန်နိုင်ထွန်း၊ ရဲဗလတံဆိပ်ရရှိသူ ရဲတပ်ကြပ် သန့်စင်ဦး တို့အား ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ရာ ဆုတံဆိပ်ရရှိကြသူများနှင့် မိသားစုဝင်များက လက်ခံရယူကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရ ရှိသူ ၃ ဦးကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ ၂ ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြု ဆုတံဆိပ်ရရှိသူ ၁ ဦးကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်ရရှိသူ ၃ ဦးကို လည်းကောင်း ဂုဏ်ထူး ဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ရဲတပ်ဖွဲ့အလိုက် ဂုဏ်ပြုမှတ်တမ်းဓာတ်ပုံများနှင့် တပ်ဖွဲ့အလိုက် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar