







ပဲခူး၊ အောက်တိုဘာ ၁
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သက်ကြီးပုဂ္ဂိုလ်များ၏အရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး သက်ကြီးပုဂ္ဂိုလ်များအပေါ် လေးစားကြည်ညိုတတ်သော မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းကြစေလို ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှ(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိသော အသက်(၁၁၈) နှစ်ရှိ အဖွား ဒေါ်ဖာတမာနှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် နေထိုင်လျက်ရှိသော အသက်(၁၁၅)နှစ်ရှိ အဘိုး ဦးကြင်လေးတို့ ကိုယ်စား ဂုဏ်ပြုကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် အဘိုး၊အဘွားများအား ဂုဏ်ပြုကန်တော့ ငွေနှင့် ကန်တော့ ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဖွားတစ်ဦးက မေတ္တာပို့ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက အခမ်း အနား တက်ရောက်လာသည့် ကန်တော့ခံ အဘိုးအဘွားများက တစ်ပါတည်း ကျန်းမာရေးဆိုင်ရာ စစ်ဆေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar