
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ယနေ့(သြဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာပြီဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဌ ဦးအောင်လင်းဒွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှတာဝန်ရှိသူ များက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်း ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါ သွားမည်ဖြစ်ကြောင်း သိရသည်။