လေးမျက်နှာ၊ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၀၂ ကျောင်း ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများအတွက် ပုသိမ်မြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ အလှူငွေကျပ် ၈၁၈ သိန်းကို ဩဂုတ် ၁၅ ရက်က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရရှိသည့် အလှူငွေကျပ် ၈၁၈ သိန်းကို ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရေဘေးသင့်သီလရှင်ကျောင်းများသို့ လိုအပ်ချက်အလိုက် ဆက်လက်ဖြန့်ခွဲလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။