Popular Myanmar

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများထောက်ပံ့

မန္တလေး၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အသက်အရွယ်အလိုက် U-12/U-13 အဆင့်၌ အားကစားသမား ၂၅ ဦးနှင့် U-14/U-15 အဆင့်၌ ၂၆ ဦး၊ စုစုပေါင်း ၅၁ ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ ကျောင်းသူအားကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ထောက်ပံ့ပေးအပ်ခဲ့သည်။

အကယ်ဒမီကျောင်းအနေဖြင့် ပညာရေးနှင့် အားကစားနှစ်ရပ်စလုံးကို အဓိကထား လေ့ကျင့်သင်ကြားပေးနေသည့်အတွက် ကျောင်းသူများအနေဖြင့် အားကစားတွင်သာမက ပညာရေးတွင်ပါ ထူးချွန်အောင် ကြိုးပမ်းကြရန်နှင့် အနာဂတ်တွင် နိုင်ငံတော်က အားကိုးရသည့် အမျိုးသမီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် အမျိုးသမီးဘောလုံးအကယ်ဒမီ၌ တက်ရောက်ခွင့်ရရှိထားသည့် အားကစားသမားများဖြစ်သည့်အတွက် အခွင့်အရေးကို အကောင်းဆုံးအသုံးချကာ မြန်မာ့အမျိုးသမီးဘောလုံးအားကစား ပိုမိုတိုးတက်လာစေရေး ကြိုးပမ်းအားထုတ်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar