နေပြည်တော်၊ ဩဂုတ် ၁၇
ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။
မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။
ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃ စင်တီမီတာ၊ ဟင်္သာတမြို့တွင် ၄၆ စင်တီမီတာနှင့် ဇလွန်မြို့တွင် ၄၈ စင်တီမီတာ ကျော်လွန်နေသည်။ ဆိပ်သာမြို့၌ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သော်လည်း ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၆၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၅ စင်တီမီတာခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။
အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၅၄ စင်တီမီတာ၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၃ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း မြစ်ရေအနည်းငယ် ထပ်မံမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
တိုးမြစ်ရေမှာလည်း မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ စင်တီမီတာ ကျော်လွန်နေပြီး ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာခန့်အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ဆိပ်သာမြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးဇလဌာနက နှိုးဆော်ထားသည်။
ရေကြီးမှုအခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။