အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားသည့်အပြင် မြောက်ကိုရီးယားအပေါ် ရန်လိုမှုကို ပြသရာရောက်ကြောင်း ထရမ့်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မိမိအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိနေချိန်တွင် အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် စိတ်မချမ်းမြေ့ကြောင်းလည်း ၎င်းက ဆိုသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုံးဝဖျက်သိမ်းရန်မှာ နောက်ကျလွန်းနေပြီဖြစ်သဖြင့် လေ့ကျင့်မှုအရွယ်အစားကို သိသိသာသာလျှော့ချရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကို အမိန့်ပေးခဲ့ကြောင်း ထရမ့်ပ်က ပြောကြားသည်။ ထို့ပြင် အီရန်၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် အမေရိကန်နှင့် ပူးပေါင်းပါဝင်ရန် တောင်ကိုရီးယားသမ္မတကို မကြာသေးမီက မေးမြန်းခဲ့သော်လည်း တောင်ကိုရီးယားဘက်က ငြင်းဆိုခဲ့ကြောင်း ထရမ့်ပ်က ပြောသည်။ သို့သော် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လျှော့ချရန် ဆုံးဖြတ်ချက်မှာ အဆိုပါကိစ္စနှင့် အနည်းငယ်သာ သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။ တောင်ကိုရီးယားစစ်သည် ၁၈,၀၀၀ ခန့် ပါဝင်မည့် ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် စစ်ရေးအသင့်အနေအထား မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ Ref: CBS News
ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာလျှော့ချရန် အမိန့်ပေး
မူရင်းသတင်း — Popular Myanmar