Popular Myanmar

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည်

နေပြည်တော်၊ သြဂုတ်-၁၇

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၇ ရက်) မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။

သို့သော် မုန်တိုင်းငယ်၏ လက်ရှိ ရွေ့လျားမှု လမ်းကြောင်းမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသည့်အတွက် သတိပေးချက်ကို အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်များအရ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၃၄၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုထားသည်။

နောက် ၂၄ နာရီအတွင်း အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ရာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၅ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် -ကုန်းမြင့်ဒေသနေသူများ: မြေပြိုမှုအန္တရာယ်ကို သတိပြုရန်မြစ်ငယ်/ချောင်းငယ်အနီးနေသူများ: ရေကြီးရေလျှံမှုကို ကြိုတင်သတိထားရန်၊ရေကြောင်းနှင့် လေကြောင်း: ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများ သတိပေးချက်အတိုင်း ကြိုတင်သတိပြု သွားလာကြရန် သက်ဆိုင်ရာက အသိပေး နှိုးဆော်ထားသည်။

မူရင်းသတင်း — Popular Myanmar