Eleven Media Group

■ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအနီး သထုံ - ဘားအံကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ (၁) ဦးသေဆုံးကာ (၅) ဦးထိခိုက်ဒဏ်ရာများရရှိ

မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအနီး သထုံ - ဘားအံကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ (၁) ဦးသေဆုံးကာ (၅) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ (၁၆) ရက် နံနက် (၈) နာရီဝန်းကျင်ခန့်က သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအနီး သထုံ - ဘားအံကားလမ်း မိုင်တိုင်အမှတ် (၇/၀) နှင့် (၇/၁) ကြားတွင် သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်သည် လမ်းဘေးရှိ ချောစုစက်သုံးဆီအရောင်းဆိုင်အတွင်းသို့ ဝင်ရောက်ရန် မီးအချက်ပြ၍လမ်းလယ်မှ ကွေ့ဝင်စဉ် သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ကပင်မောင်းနှင်လာသော ရွှေခြင်္သေ့ ခရီးသည်တင်မှန်လုံယာဉ်က လိုက်ထရပ်ယာဉ်နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရွှေခြင်္သေ့ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှာက ခရီးသည်တွေမပါလာဘူး။ ယာဉ်မောင်း (၁) ဦးနဲ့ ယာဉ်နောက်လိုက် (၂) ဦးဘဲပါလာတယ်။ ယာဉ်နောက်လိုက် (၁) ဦးက သေဆုံးခဲ့ပြီးတော့ ကျန် (၂) ဦးကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟုပြောကြားသည်။

ထို့အတူ လိုက်ထရပ်ယာဉ်ပေါ်တွင်လည်း ယာဉ်မောင်းအပါအဝင် (၅) ဦးလိုက်ပါခဲ့ရာမှ ယာဉ်နောက်ခန်းမှလိုက်ပါလာသူ (၃) ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သထုံမြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှလည်း အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ထားကြောင်း သိရသည်။

ရန်ကုန် - သထုံ - ဘားအံကားလမ်းနှင့် ရန်ကုန် - သထုံ - မော်လမြိုင်ကားလမ်းတွင် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က သထုံမြို့ သုဝဏ္ဏဝတီမြို့၊ လေသာလမ်းဝအနီး ရန်ကုန် - သထုံကားလမ်းတွင် MITSUBISH အမျိုးအစားအဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ BUSUKI CARRY အမျိုးအစား ဖြူ/ပြာရောင်ယာဉ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ ဩဂုတ်လ (၁၄) ရက်နေ့ ကလည်း ပဲခူးတိုင်းဒေသကြီး ဝေါမြို့အနီး ရန်ကုန် - သထုံ - မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးသို့ ထိုးကျမှုဖြစ်ပွားခဲ့သေးကြောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာကြသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်အတူ ခရီးသည်များအားလုံးအား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်း — Eleven Media Group