
ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးတွင် FU SO ကုန်တင်ယာဉ်နှင့် ခရီးသည်တင်အငှားယာဉ်တို့ တိုက်မိပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။
သြဂုတ် ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈/၃)၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့က သတင်းရရှိသဖြင့် ဝေါမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့အား ဝေါလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။