Eleven Media Group

မန္တလေးမြို့မှ ထားဝယ်မြို့နယ်အတွင်းရှိ ခဲသတ္တုမိုင်းသို့ ပို့ဆောင်မည်ဆိုသော မိုင်းဖေါက်ခွဲရာတွင် အသုံးပြုသည့် Detonator များ ဝေါမြို့နယ် ညောင်ခါးရှည် X- Ray စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့

မန္တလေးမြို့မှ ထားဝယမြို့နယ်အတွင်းရှိ ခဲသတ္တုမိုင်းသို့ ပို့ဆောင်မည်ဆိုသော မိုင်းဖေါက်ခွဲရာတွင် အသုံးပြုသည့် Detonator များ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ညောင်ခါးရှည် X- Ray စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ (၁၆) ရက်၊ နံနက် (၈) နာရီအချိန်ခန့်က အဆိုပါ ညောင်ခါးရှည် X – Ray စစ်ဆေးရေးဂိတ်ရှေ့ ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက မော်တော်ယာဉ်များအား စစ်ဆေးမှု များလုပ်ဆောင်နေစဉ် မန္တလေးမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် တော်ဝင်မန္တလာခရီးသည် တင်မှန်လုံယာဉ်အား စစ်‌ဆေးခဲ့ရာမှ လူမဲ့တန်ဆာအဖြစ် တင်ဆောင်လာသည့် အဖြူရောင်ဆာလာအိတ် အတွင်း စက္ကူဂျပ်ဖာဖြင့်ထည့်ထားသော CDET ALFA တံဆိပ်ပါ တစ်ဘူးလျှင် Detonator အချောင်း (၁၀၀) ပါ (၄၀) ဗူး၊ စုစုပေါင်း Detonator (၄၀၀၀) ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် Detonator များနှင့်ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့အား သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ ဩဂုတ်လ (၁၅) ရက်နေ့က မန္တလေးမြို့၊ ကျွဲဆည်ကန်ကားဝန်းရှိ တော်ဝင် မန္တလာကားဂိတ်မှ ယခုဖမ်းဆည်းရမိခဲ့သည့် အဖြူရောင်ဆာလာအိတ်အားမော်လမြိုင်မြို့သို့ လူမဲ့တန်ဆာ အဖြစ် တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနေ့ ဩဂုတ်လ (၁၆) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်မှာတော့ မော်လမြိုင်မြို့၊ အဝေးပြေးကားဝန်းမှာရှိတဲ့ တော်ဝင်မန္တလာကားဂိတ်မှာ လူမဲ့တန်ဆာပါဆယ်အိတ်ကို လာရောက်ရွေးယူကြတဲ့ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်၊ တပင်ရွှေထီးလမ်းမှာနေထိုင်ကြတဲ့ အသက် (၄၃) နှစ်အရွယ် ဦးဝိုင်းဇင် နဲ့ ဇနီးဖြစ်သူ ဒေါ်နီလာပြုံး တို့ကိုလည်း မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သည့် Detonator များနှင့် ပတ်သက်ပြီး ဦးဝိုင်းဇင်တို့နှစ်ဦးအား သက်ဆိုင်ရာကစစ်ဆေးမေးမြန်းရာ မန္တလေးမြို့တွင်နေထိုင်သည်ဟု သိရသူ မနန်း (ခ) ရခိုင်မ (DAW LAE LAE MOE အမည်ဖြင့် Kpay Acc ရှိ) ဆိုသူမှ မန္တလေးမြို့၊ တော်ဝင်မန္တလာကားဂိတ်မှ တင်ပေးလိုက်ခြင်းဖြစ်ပြီး၊ မော်လမြိုင်မြို့ရှိ ကားဂိတ်တွင် ရွေးယူ၍ ထားဝယ်မြို့သို့ သယ်ဆောင်သွားကာ ထားဝယ်မြို့သို့ရောက်ရှိပါက ဘဝပင်ကျေးရွာ ခဲသတ္တုမိုင်း၌ နေထိုင်သည့် ဦးလှဟန်ဆိုသူထံ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ထားကြောင်းလည်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်ပါဝင်သူများကို အရေးယူဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group