Eleven Media Group

■ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနအကြီးအကဲ USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ် သွားရောက်ကြည့်ရှု

​အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်တွင် စစ်သည်များ၏ စိတ်ကျန်းမာရေးနှင့် ထောက်ပံ့ရေးဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENTCOM) အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဗရတ်ကူးပါးသည် ထိုလေ ယာဉ်တင်သင်္ဘောဆီ သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

​USS Abraham Lincoln သင်္ဘောသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့မှု အပါအဝင် အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် ပါဝင်ကူညီ‌နေသည်။

သင်္ဘောသည် ကမ်းမကပ်ဘဲ ပင်လယ်ပြင်တွင် ဆက်တိုက် တာဝန်ထမ်းဆောင်သည့် စံချိန်တင်ကာလအဖြစ် ရက်ပေါင်း ၂၄၀ ကျော်ကြာ အထိရှိလာခဲ့သည်။

​ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် CENTCOM အကြီးအကဲ ကူးပါးက “ဒီလိုတာဝန်ထမ်းဆောင်မှုကို ခေတ်သစ်စစ်ရေးသမိုင်းမှာ အပြင်းထန်ဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး စစ်ဆင်ရေးအဖြစ် သမိုင်းကမှတ်တမ်းတင်ပါလိမ့်မယ်” ဟု Lincoln တိုက်ခိုက်ရေးရေယာဉ်စု၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် လိုက်ပါလာသည့် လေယာဉ်တင်သင်္ဘော၏ တာဝန်ထမ်းဆောင်ချိန် သက်တမ်းတိုးမြှင့်ခံရမှုမှာ စိုးရိမ်စရာ အခြေအနေများ ဖြစ်ပေါ်စေခဲ့သည်။

​ထို့ပြင် ဩဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း စစ်သည်များ၏ စိတ်ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့သည့် သင်္ဘောပေါ်ရှိ ခေါင်းဆောင်မှုပိုင်းကိုကူးပါးက ချီးကျူးခဲ့သည်။

​CENTCOM၏ ထုတ်ပြန်ချက်အရ ကူးပါးသည် ဆူဒန်၊ ဘာရိန်း၊ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးစသည့် နိုင်ငံများသို့လည်း သွားရောက်ကာ အရပ်ဘက်ခေါင်းဆောင်များ၊စစ်ဘက် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

​ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည့် စစ်ပွဲအပြီးတွင် အီရန်က ဟော်မုဇ် ရေလက်ကြားကို ထိန်းချုပ်ရန် ကြိုးပမ်းလာသဖြင့် အမေရိကန် ရေကြောင်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားသည် ယခင်က နိုင်ငံတကာ ရေပြင်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာသည့် နေရာလည်း ဖြစ်သည်။

​လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့၏ဆွေးနွေးပွဲများ ရပ်ဆိုင်းနေသည်။

အီရန်သည် အိုမန်နှင့် နှစ်နိုင်ငံကြား ပိုင်းခြားထားသည့် ရေလက်ကြား ထိန်းချုပ်စီမံရေးကိစ္စနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref:AP
AP photos

မူရင်းသတင်း — Eleven Media Group