Popular Myanmar

MPT က ဧရာဝတီရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပံ့ပိုး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် MPT က လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။

ငဝန်မြစ်ဝှမ်းတစ်လျှောက် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုများကြောင့် ထိခိုက်ခဲ့သည့် လေးမျက်နှာမြို့နယ်နှင့် ငသိုင်းချောင်းဒေသရှိ ရေဘေးရှောင်မိသားစုများထံသို့ MPT ဝန်ထမ်းများက ကိုယ်တိုင်သွားရောက်ကာ အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

MPT ၏ အဆိုအရ ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက်အတွင်း အိမ်ထောင်စု ၃၀၀ ကျော် အရေးပေါ်အကူအညီ ရရှိခဲ့ပြီး ငသိုင်းချောင်းမြို့ရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းနှင့် လေးမျက်နှာမြို့နယ် ပြန်လည်ထူထောင်ရေးအဖွဲ့များမှတစ်ဆင့် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရေဘေးကာလအတွင်း ဆက်သွယ်ရေးပြတ်တောက်မှု မဖြစ်စေရန် MPT သည် B2B ဂြိုဟ်တုအင်တာနက်စက် ၂ ခုနှင့် ရွှေ့ပြောင်းသယ်ဆောင်နိုင်သော မိုဘိုင်းအခြေစိုက်စခန်း (Cell on Wheels – COW) တစ်ခုကို တပ်ဆင်လည်ပတ်ပေးထားသကဲ့သို့၊ ရေဘေးသင့်ဒေသရှိ သုံးစွဲသူများကို ဩဂုတ် ၇ ရက်မှ ၁၃ ရက်အထိ အင်တာနက်ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် SMS ဝန်ဆောင်မှုများကို အခမဲ့အသုံးပြုခွင့် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာန အရာရှိချုပ် ဦးရဲမင်းဦးက “အလိုအပ်ဆုံးနေရာတွေဆီကို မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေနဲ့ ခိုင်မာတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အမြန်ဆုံးပံ့ပိုးပေးဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Popular Myanmar