Eleven Media Group

ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်မြေကို အခြားနည်း သုံးစွဲခွင့် လျှောက်ထားရာတွင် ကြန့်ကြာမှုမရှိဘဲ လွယ်ကူ၊ လျင်မြန် ၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေး လိုအပ်သော ဌာနဆိုင်ရာ ထောက်ခံချက်များကို ဖြေလျှော့ပေးရန် နှင့် လုပ်ငန်းစဉ်များ ပြန်လည်စိစစ်ပြင်ဆင်ပေးရန် တိုက်တွန်းကြောင်းအဆို ရှမ်းပြည်နယ်လွှတ်တော် အတည်ပြု

ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်မြေကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားရာတွင် ကြန့်ကြာမှုမရှိဘဲ လွယ်ကူ၊ လျင်မြန် ၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေး လိုအပ်သော ဌာနဆိုင်ရာ ထောက်ခံချက်များကို ဖြေလျှော့ပေးရန် နှင့် လုပ်ငန်းစဉ်များ ပြန်လည်စိစစ်ပြင်ဆင်ပေးရန် တိုက်တွန်းကြောင်းအဆို ရှမ်းပြည်နယ်လွှတ်တော် အတည်ပြုကြောင်း ကြေညာခဲ့သည်။

စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၀၅ ၊ ကန့်ကွက်မဲ ၁၂ မဲ၊ ကြားနေ ၈ မဲ တို့ဖြင့် ထောက်ခံမဲများသဖြင့် ရှမ်းပြည်နယ်အစိုးရက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ် ဆောင်ရွက်သွားနိုင်မည့် အဆိုတွင် ပါဝင်သည့် အချက်များကိုသာ အတည်ပြုကြောင်း ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော် က ကြေညာခဲ့သည်။

ရှမ်းပြည်လွှတ်တော် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ကို ဩဂုတ်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွန့် က ရပ်စောက်မြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်း လယ်ယာမြေ မဟုတ်သော အခြားလယ်ယာမြေများ (ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်မြေ) ကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားရာတွင် ပြည်သူများ ကြန့်ကြာမှု မရှိဘဲ လွယ်ကူ၊ လျင်မြန် ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် မလိုအပ်သော ဌာနဆိုင်ရာ ထောက်ခံချက်များကို ဖြေလျှော့ပေးရန် နှင့် လုပ်ငန်းစဉ်များ ပြန်လည်စိစစ်ပြင်ဆင်ပေးပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အားတိုက် တွန်းကြောင်း အဆိုကို တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ထံတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုတင်ရခြင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ပြောကြားချက်မှာ “ အဆိုကတော့ အောင်မြင် သွားပါပြီ။ လွှတ်တော်ကလည်း ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်ဆိုတော့ ပြည်သူလူထုရဲ့ လိုအပ်နေတဲ့ ကိစ္စမျိုးကို မေးခွန်းမေးပြီး အဆိုဖြစ်တာပေါ့။ အဆို သိပ်ကောင်းရင် ဥပဒေပေါ့။ ဥပဒေ ပြင်ရမှာက ပြည်ထောင်စု တာဝန် ပေါ့။ ပြည်နယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသောဆိုတာ ဒီဥပဒေကို ချပေးတာ ပြည်ထောင်စုပေါ့။ အောက်ခြေမှာ တင်ပြ လိုက်လုပ်လိုက်နဲ့ အဓိက ပြောချင်တာကတော့ ၂၀၂၅ ရှေ့က ဌာနဆိုင်ရာ လုပ်နေတဲ့ လုပ်ငန်းမျိုးပေါ့။ အခု ဒါက ပြည်သူလူထုနဲ့ လက်တွဲပြီး လုပ်ရတဲ့ အလုပ်ပေါ့။ ပြည်သူလူထုမှာ အခက်အခဲရှိတယ်။ နိုင်ငံမှာလည်း အခက်အခဲ ရှိတယ်။ ကိုယ့်နိုင်ငံအတွက် လိုအပ်တာကို အကုန်လုံးကို ထောက်ခံပေးကြတာပေါ့။ လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း ထောက်ခံတဲ့ သဘောဖြစ်ပါတယ်။ အတည်ပြုထားတယ် ဆိုတာ ရှမ်းပြည်နယ်အစိုးရကနေ အကောင်အထည် ဖော်ရမှာပေါ့။ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆက်တာဝန်ယူရမှာပေါ့ ” ဟု အဆိုတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့် က ဆိုသည်။

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တွင်းရှိ တောင်သူများနှင့် ဒေသခံပြည်သူများသည် ယာမြေ၊ ကိုင်းမြေ ၊ ဥယျာဉ်မြေများပေါ်တွင် မိသားစု နေအိမ်ဆောက်လုပ်ခြင်း ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး ၊ သီးနှံ သိုလှောင်ရုံ နှင့် ဒေသတွင်း အသေးစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (ခ) အရ အခြား နည်းသုံးစွဲခွင့် အဆင့်ဆင့်လျှောက်ထားရာ၌ ဌာနဆိုင်ရာထောက်ခံစာ အများအပြား တောင်းခံနေရခြင်း ၊ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးခြင်း နှင့် စီစစ်ချိန် ကာလရှည်ကြာခြင်း ၊ တို့ကြောင့် ပြည်သူများအချိန် နှင့် ကုန်ကျစရိတ်များစွာ ဆုံးရှုံးနေရကြောင်း ဆိုသည်။

အထူးသဖြင့် မိသားစုပိုင် တစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြစ်ပါသော်လည်း မလိုအပ်ပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ၊ မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ စသည့် သက်ဆိုင်ရာဌာနအသီးသီး မှ ထောက်ခံစာများ အဆင့်ဆင့် လိုက်လံတောင်းခံနေရခြင်း၊ ဌာနတစ်ခုစီမှ သီးခြားစီ ကွင်းဆင်းစစ်ဆေး ၊ စစ်ဆေးနေခြင်း တို့သည့် ဒေသခံပြည်သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အပြင် ဒေသတွင်း တရားဝင် ရင်းနှီးမြုပ်နှံမှုများကိုပါ ကြန့်ကြာနှောင့်နှေး စေလျှက်ရှိပါကြောင်း ဆိုသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုသည့် အချက်များ အဆိုပြုပုံစံ (က) မလိုအပ်သော ထောက်ခံစာများ ဖြေလျှော့ပေးရန် ၊ မိသားစု နေအိမ် ၊ သီးနှံ သိုလှောင်ရုံ ၊ အသေးစားနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး ၊ လုပ်ငန်းများအတွက် မသက်ဆိုင်သော ဌာနဆိုင်ရာ ထောက်ခံစာများ တောင်းခံခြင်းမှ ကင်းလွတ်ခွင့်ပေးရန်၊ သို့မဟုတ် ဝန်ခံကတိပြုချက်ဖြင့် အစားထိုးဆောင်ရွက်ပေးပါရန် ၊ (ခ) ပူးပေါင်း ကွင်းဆင်းစစ်ဆေးရေး စနစ်ကျင့်သုံးရန် ဌာနအသီးသီးမှ သီးခြားစီ ကွင်းဆင်းစစ်ဆေးမည့်အစားမြို့နယ် လယ်ယာစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပါဝင်သော OSS တပြိုင်နက် ပူးပေါင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့်သာ ဆောင်ရွက်ပေးပါရန် ၊ (ဂ) သဘောထား တောင်းခံမှုကာလ သတ်မှတ်ပေးပါရန် အခြားဌာနများသို့ သဘောထား တောင်းခံရာတွင်လည်း သတ်မှတ်ရုံးဖွင့်ရက် ၁၅ ရက် သို့မဟုတ် ၂၁ ရက်အတွင်း တစ်စုံတစ်ရာ အကြောင်းမပြန်ပါက ကန့်ကွက်ရန်မရှိ ထောက်ခံသည်ဟု အလိုအလျှောက် သတ်မှတ်သည့် စနစ်ကျင့်သုံး ပေးပါရန် ၊ (ဃ) လုပ်ငန်းစဉ် အချိန်ကာလ (Time Limit) တိကျစွာ သတ်မှတ်ပေးပါရန် ကျေးရွာ၊ မြို့နယ်၊ ခရိုင် ၊ ပြည်နယ် အဆင့်ဆင့် စီစစ်သည့် စုစုပေါင်း အချိန်ကာလအား တိကျစွာ သတ်မှတ်ပေးပြီး SOP လမ်းညွှန်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်တို့ကို တင်ပြခဲ့ခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group