
နေပြည်တော်နယ်မြေအတွင်းရှိ ပေါင်းလောင်းရေလှောင်တမံမှာ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဝင်ရေအခြေအနေပေါ်မူတည်၍ ရေပိုလွှဲမှ ရေကျော်ပါက အချိန်နှင့် တပြေးညီ တင်ပြပေးသွားမည်ဟု တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သြဂုတ် ၁၇ ရက် ညနေပိုင်းက ထုတ်ပြန်သည်။
ပေါင်းလောင်းရေလှောင်တမံမှာ ယနေ့ (သြဂုတ် ၁၇ ရက်) ညနေ ၄ နာရီ ၁၅ မိနစ်တွင် ကန်ရေပြည့်အမှတ် ၁၉၀ မီတာ/၆၂၃.၃၉ ပေသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိလာသော်လည်း ရေပိုမိုသိုလှောင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန်နှင့် တမံအောက်ပိုင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေပိုလွှဲတွင် HED ရေတံခါးရွက် ၂၀ ချပ်အား ထောင်ထားပါသဖြင့် ရေပိုလွှဲမှ ရေကျော်ခြင်းမရှိကြောင်းနှင့် ဝင်ရေအခြေအနေပေါ်မူတည်၍ ရေပိုလွှဲမှ ရေကျော်ပါက အချိန်နှင့် တပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
လတ်တလောတွင် ပေါင်းလောင်းမြစ်၏အောက်ဘက် စစ်တောင်းမြစ်ဖြတ်သန်းစီးဆင်းရာ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ မဒေါက်မြို့၏ စစ်တောင်း မြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၂၉ စင်တီမီတာ(နှစ်ပေခန့်ကျော်လွန်)သို့ ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂လက်မ)ခန့် ထပ်မံ မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလဦးစီးဌာန၏ သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။
မိုးဇလ၏ သြဂုတ် ၁၇ ရက်နေ့ ထုတ်ပြန်ချက်များအရ ပဲခူးမြို့နယ် ပဲခူးမြစ်မှာ စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာသို့ရောက်ရှိရန် နှစ်ပေခန့်အလို ၈၂၈ စင်တီမီတာသို့ရောက်ရှိနေပြီး နောက်ထပ် ၂၄ နာရီအတွင်း ပဲခူးမြစ်၏စိုးရိမ်ရေအမှတ်သို့ရောက်ရှိလာနိုင်ကြောင်းနှင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင် သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း မြစ်မခမြစ်ရေ မြင့်တက်လာမှုနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် ဩဂုတ် ၁၄ ရက်နေ့တွင် မူလတန်းလွန်(ထန်းကုန်း)နှင့် အမက(ခွဲ) ညောင်တန်းကျောင်းတို့ကို လည်းကောင်း၊ ဩဂုတ် ၁၆ ရက်နေ့တွင် မူလတန်းလွန်(မင်းအို)ကျောင်းနှင့် ဩဂုတ် ၁၇ ရက်တွင် အလက(ခွဲ) ဘိသလွန်စစ်ကုန်းကျောင်းတို့ကိုလည်းကောင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသောကြောင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါအခြေခံပညာကျောင်း ၄ ကျောင်းအား ဩဂုတ် ၁၇ ရက်အထိ ယာယီပိတ်ထားရကြောင်း သိရသည်။
ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားရသောကြောင်းများအတွက် ရေပြန်လည်ကျဆင်းသွားပြီး ကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်သည့်အခါ ယာယီပိတ်ရက်များအတွက် ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့များတွင် အစားထိုးကာ ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။