Popular Myanmar

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇ ရက်က ထုတ်ပြန်သည့် တော်ဝင်အမိန့်အရ သိရသည်။

ဟွန်မာနက်၏ တောင်းဆိုချက်အရ ဘုရင် နိုရိုဒွမ် သီဟာမိုနီက အဆိုပါခန့်အပ်မှုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကမ်မိုနိုဝိသယာသည် ဝန်ကြီးအဆင့်နှင့်ညီမျှသည့် ရာထူးအဆင့် ရရှိမည်ဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အသေးစိတ်ကို တော်ဝင်အမိန့်တွင် ဖော်ပြထားခြင်းမရှိပေ။

ယင်းခန့်အပ်မှုသည် ကမ္ဘောဒီးယားအစိုးရနှင့် အတို-က်အခံအင်အားစုများအကြား နိုင်ငံရေးဆက်ဆံမှုတွင် ရှားရှားပါးပါး ဖြစ်ပေါ်လာသည့် အပြောင်းအလဲတစ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။

ကမ်မိုနိုဝိသယာ၏ ဖခင် ကမ်ဆိုခါသည် နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ စွဲချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် ၂၇ နှစ် ချမှတ်ခံခဲ့ရပြီး ယင်းစီရင်ချက်အပေါ် အယူခံဝင်မှု ရှုံးနိမ့်ခဲ့ပြီးနောက် ယခုနှစ် မေလတွင် ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ကမ်ဆိုခါကမူ ၎င်းအပေါ် စွပ်စွဲထားသည့် စွဲချက်များကို ငြင်းဆိုထားသည်။

ကမ်ဆိုခါကို ယခင်ဝန်ကြီးချုပ် ဟွန်ဆန်အား အာဏာမှဖယ်ရှားရန် အမေရိကန်နှင့် ပူးပေါင်းကြံစည်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ Cambodia National Rescue Party (CNRP) ကိုလည်း ယင်းနှစ်အတွင်း ဖျ-က်သိမ်းခဲ့ပြီး ပါတီဝင်ရာပေါင်းများစွာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

အသက် ၄၄ နှစ်အရွယ် ကမ်မိုနိုဝိသယာသည်လည်း CNRP အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဝန်ကြီးချုပ် ဟွန်မာနက်သည် ဩဂုတ် ၁၄ ရက်က ကမ်မိုနိုဝိသယာနှင့်အတူ ရို-က်ကူးထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီး နိုင်ငံရေးမျိုးဆက်သစ်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ တိုးတက်ကောင်းမွန်ရေး၊ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများရှိကြောင်း ရေးသားခဲ့သည်။

ယခု ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဟွန်ဆန်ကလည်း ကမ်ဆိုခါနှင့် လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ကမ်မိုနိုဝိသယာအား အထူးသံတမန်အဖြစ် ခန့်အပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref: The Straits Times

မူရင်းသတင်း — Popular Myanmar