Popular Myanmar

ရာပြည့်မွေးနေ့အထိမ်းအမှတ်တွင် ကျန်ဇီမင်း၏ နိုင်ငံရေးယုံကြည်ချက်ခိုင်မာမှုကို အတုယူရန် ရှီကျင့်ဖျင် တိုက်တွန်း

ကွယ်လွန်သူ တရုတ်ခေါင်းဆောင် ကျန်ဇီမင်း၏ ခိုင်မာသည့် နိုင်ငံရေးယုံကြည်ချက်နှင့် ပါတီ၊ ပြည်သူအပေါ် သစ္စာရှိမှုတို့ကို သင်ခန်းစာယူ အတုယူကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားခဲ့သည်။

ကျန်ဇီမင်း၏ ရာပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် တနင်္လာနေ့က ပြည်သူ့ခန်းမကြီး၌ ကျင်းပသည့် အထိမ်းအမှတ်စုဝေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီကျင့်ဖျင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်ဇီမင်းသည် ကွန်မြူနစ်ဝါဒအပေါ် မယိမ်းမယိုင် ယုံကြည်ရပ်တည်ခဲ့သူဖြစ်ပြီး ပါတီနှင့် ပြည်သူများအပေါ် အပြည့်အဝသစ္စာရှိကာ ပါတီနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ပြတ်သားသည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားသည်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို မြှင့်တင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် ပါတီ၏ ခေါင်းဆောင်မှုကို အားကောင်းခိုင်မာစေရေးနှင့် ပါတီတည်ဆောက်ရေးကို ထိရောက်စွာ တိုးတက်ကောင်းမွန်စေရေးတို့၏ အရေးပါမှုကို ကျန်ဇီမင်းက အလေးထားခဲ့ကြောင်းလည်း ရှီက ဆိုသည်။

ခရီးသစ်တွင် ပါတီ၏ အလုံးစုံခေါင်းဆောင်မှုနှင့် CPC ဗဟိုကော်မတီ၏ ဗဟိုချုပ်ကိုင်မှု၊ စည်းလုံးညီညွတ်သော ခေါင်းဆောင်မှုတို့ကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားသည်။

ထို့ပြင် ပါတီအတွင်း အပြည့်အဝနှင့် တင်းကျပ်သော ကိုယ်ပိုင်အုပ်ချုပ်မှုကို ပိုမိုခိုင်မာစေပြီး တရုတ်ဝိသေသလက္ခဏာများပါရှိသည့် ဆိုရှယ်လစ်ဝါဒ ဖော်ဆောင်ရေးတွင် CPC အနေဖြင့် ခိုင်မာသည့် ခေါင်းဆောင်မှုအဓိကမဏ္ဍိုင်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အရေးကြီးကြောင်းလည်း ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

မူရင်းသတင်း — Popular Myanmar