ထိုင်းနိုင်ငံသည် လာမည့်နှစ်မှစတင်၍ ပြည်ပမှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားမဟုတ်သူများထံမှ တစ်ဦးလျှင် ဘတ် ၄၅၀ ကောက်ခံရန် စီစဉ်ထားပြီး ပထမအဆင့်အနေဖြင့် လေကြောင်းဖြင့် ဝင်ရောက်လာသူများကို စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန် ဦးဆောင်သည့် နိုင်ငံတော်ခရီးသွားလုပ်ငန်းမူဝါဒကော်မတီက ပြီးခဲ့သည့် သောကြာနေ့တွင် ကျင်းပသည့် အစည်းအဝေး၌ အဆိုပါ ကောက်ခံမှုအစီအစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းအစီအစဉ်ကို အစိုးရအဖွဲ့ထံ နောက်ဆုံးအတည်ပြုချက်ရယူရန် မတင်ပြမီ လူထုသဘောထားရယူခြင်းနှင့် ကောက်ခံမည့် နည်းလမ်း၊ လုပ်ငန်းစဉ်များကို အသေးစိတ်လေ့လာခြင်းတို့ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ကောက်ခံရရှိသည့်ငွေများကို ခရီးသွားနေရာများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအတွက် အသုံးပြုမည့်အပြင် ခရီးသွားဧည့်သည်များအတွက် အာမခံလွှမ်းခြုံမှုပေးနိုင်ရေးတွင်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီး ဆူရာဆက် ဖန်ချာရွန်ဝိုရာကူလ်က ပြောကြားသည်။
ကောက်ခံမှုကို လာမည့်နှစ်အစောပိုင်းတွင် စတင်နိုင်ရန် မျှော်မှန်းထားပြီး လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများကို ဦးစွာကောက်ခံမည်ဖြစ်သည်။ ကုန်းလမ်းနှင့် ရေလမ်းမှ ဝင်ရောက်လာသူများကိုမူ လိုအပ်သည့်စနစ်များ ပြင်ဆင်ပြီးနောက် လာမည့် ၁၂ လအတွင်း ကောက်ခံမှု စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာနသည် လာမည့်နှစ်မှစတင်မည့် ငါးနှစ်တာ နိုင်ငံတော်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုလည်း ပြင်ဆင်လျက်ရှိပြီး အရည်အသွေးမြင့် ခရီးသွားဧည့်သည်များ ပိုမိုဆွဲဆောင်နိုင်ရေးနှင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းတန်ဖိုး မြှင့်တင်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Thai PBS World