စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့၌ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တိုးမြှင့်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လဟယ်မြို့တွင် လက်ရှိတပ်ဆင်အသုံးပြုနေသည့် (၁ ဒသမ ၂)မီတာမှ ဝပ်အားကြီးသည့် (၂ ဒသမ ၄)မီတာရှိ C-Band ဂြိုဟ်တုစနစ်ကို ဩဂုတ် ၁၂ ရက်က တိုးမြှင့်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟုမ္မလင်းမြို့နယ်တွင်လည်း ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့် GSM မိုဘိုင်းစခန်း(၁၅)ခုကို ဖုန်းခေါ်ဆိုမှု(အသံ)၊ စာတိုပေးပို့မှု(SMS)ဖွင့်လှစ်အသုံးပြုပေးထားကာ Transmission အဝေးဆက်ကြောင်း လိုင်းဆိုင်ရာအခက်အခဲများဖြစ်ပေါ်လျက်ရှိနေ၍ ဆက်သွယ်ရေးအဆင်ပြေစေရန် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့်သတ်မှတ်နေရာတွင် အင်တာနက်ဝန်ဆောင်မှုများအသုံးပြုနိုင်ရန်စီစဉ်ပေးထားကြောင်း သိရသည်၊
ထို့အတူ ဖောင်းပြင်မြို့နယ်တွင်လည်း မိုက္ကရိုဝေ့ အဝေးဆက်ကြောင်းနှင့် ပင်မဖိုင်ဘာဆက်ကြောင်းပြတ်တောက်နေရ၍ လက်ရှိတွင် ဂြိုလ်တုဆက်သွယ်ရေးစနစ်အသုံးပြုကာ ဖောင်းပြင်မြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။