Popular Myanmar

မိုးရွာသွန်းမှုနှင့် ရေကြီးမှုအကြောင်းပြ၍ ဆန်ဈေးမြှင့်မရောင်းရန် MRF သတိပေး၊ ပေါ်ဆန်းနှင့် ဧည့်မထဆန်များ သက်သာဈေးဖြင့် ရောင်းချပေးမည်

ရန်ကုန်၊ ဩဂုတ် ၁၈

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို အကြောင်းပြကာ သိုလှောင်ထားသည့် ဆန်စပါးများကို သင့်တင့်မျှတသည့် ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က သတိပေးထားပြီး ပြည်သူများအတွက် ပေါ်ဆန်းနှင့် ဧည့်မထဆန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း အချို့ရောင်းချသူများက စားသုံးသူပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေရန်နှင့် ဈေးနှုန်းမြှင့်တင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်မှုများရှိနေကြောင်း ကြားသိရသည့်အတွက် ဆန်စက်များ၊ ကုမ္ပဏီများ၊ ဆန်ကုန်သည်များနှင့် လက်လီလက်ကားရောင်းချသူများအနေဖြင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန် ဖြင့် ရောင်းချပေးကြရန် MRF က မေတ္တာရပ်ခံထားသည်။

ပြည်တွင်း၌ နွေစပါးထွက်ရှိမှုများရှိနေသည့်အပြင် ယခင်နှစ် မိုးစပါးရာသီမှ စပါးဟောင်း၊ ဆန်ဟောင်းများကိုလည်း ကြိတ်ခွဲသိုလှောင်ဖြန့်ဖြူးပေးနေဆဲဖြစ်သဖြင့် ယခုနှစ်ကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ဖူလုံလောက်ငှစွာ ထုတ်လုပ်ရောင်းချပေးနိုင်ပြီး ဆန်ဖူလုံမှုအတွက် စိုးရိမ်ရန်မလိုကြောင်း အသင်းချုပ်က အသိပေးထားသည်။

ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဧည့်မထ ၁၅ ရာခိုင်နှုန်း ဆန် (၂၄ ပြည်၊ ၁၀၈ ပေါင်) အိတ်ကြီး တစ်သိန်း ကို ရေကြီးနစ်မြုပ်သည့်ဒေသများသို့ ဖြန့်ဝေမည့် ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ နှုန်းဖြင့် ထုတ်ရောင်းပေးမည်ဖြစ်သည်။

ထို့ပြင် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအတွက် ရွှေဘိုပေါ်ဆန်း (၂၄ ပြည်၊ ၁၀၈ ပေါင်) တစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀ နှင့် ဧရာဝတီပေါ်ဆန်း (၂၄ ပြည်၊ ၁၀၈ ပေါင်) တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ပေါ်ဆန်းဆန်များကို K Pay မှတစ်ဆင့် ငွေပေးချေပြီး ငါးရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ Viber ဖုန်းနံပါတ် 09-400067240၊ 09-400067250၊ 09-400067260 နှင့် MRF ၏ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar