Popular Myanmar

တိုးမြစ်ရေမြင့်တက်မှုကြောင့် မအူပင်မြို့နယ်ရှိ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရ

မအူပင်၊ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တိုးမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၅ ကျောင်းကို ဩဂုတ် ၁၇ ရက်အထိ ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများမှာ ကျွဲဒုံးကျေးရွာအုပ်စုရှိ အမက-ကျွဲသောင်၊ အောက်ထုံးကျေးရွာအုပ်စုရှိ အမက-သောင်သာယာနှင့် အမက-လက်ပံတန်း၊ မလက်တိုကျေးရွာအုပ်စုရှိ အထက(ခွဲ)-ခနောင်ကြီးနှင့် မူလွန်-လှိုင်းတာ၊ အလန်းကျေးရွာအုပ်စုရှိ အလက-ဘုရားချောင်း၊ ပေကုန်းကျေးရွာအုပ်စုရှိ အထက(ခွဲ)-ပေကုန်းတို့ဖြစ်သည်။

ထို့ပြင် ထနီးကျေးရွာအုပ်စုရှိ အမက-ဇီးကုန်းနှင့် အလက(ခွဲ)-ပတုပ်၊ ထရော်ပေကုန်းကျေးရွာအုပ်စုရှိ အမက-ထရော်ပေကုန်း၊ ထရော်ညောင်ဝိုင်းကျေးရွာအုပ်စုရှိ အမက-ကံစု၊ တာပါတ်အရှေ့ကျေးရွာအုပ်စုရှိ မူလွန်-ဘုရားသုံးဆူ၊ ကျုံစုတ်ကျေးရွာအုပ်စုရှိ အလက(ခွဲ)-ကျုံစုတ်၊ လေးအိမ်စုကျေးရွာအုပ်စုရှိ အမက-ကညင်သုံးပင်နှင့် ထရော်စခန်းကြီးကျေးရွာအုပ်စုရှိ အမက-အရှေ့ဂိုးမြောင်းတို့ကိုလည်း ယာယီပိတ်ထားရသည်။

ယာယီကျောင်းပိတ်ထားရသည့် ရက်များကြောင့် သင်ခန်းစာနောက်ကျမှုမရှိစေရန် အပတ်စဉ် တနင်္ဂနွေနေ့များတွင် အစားထိုးပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မြစ်ရေမြင့်တက်မှုကြောင့် ကျောင်းအဆောက်အအုံများ ထိခိုက်ပျ-က်စီးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒ-ဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar